ကမ္ဘာ့နာမည်ကြီး သစ်ပင်ကို ခုတ်ပြီး သမိုင်းဝင်နေရာကိုပါ ပျက်စီးစေခဲ့တဲ့သူတွေကို ထောင်ဒဏ်ချမှတ်

Author CJ Platform
Categories
Published on Jul 16, 2025

အင်္ဂလန်နိုင်ငံရဲ့ တန်ဖိုးအထားအမြတ်ဆုံး သဘာဝအထင်ကရအရာတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့နာမည်ကြီး ဆီကာမိုးဂပ်သစ်ပင်ကို ခုတ်လှဲခဲ့ပြီး UNESCO စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ ဟေဒရီယန်တံတိုင်းကို ပျက်စီးအောင် လုပ်ခဲ့သူ အမျိုးသားနှစ်ဦးကို ထောင်ဒဏ် လေးနှစ် သုံးလစီ ချမှတ်လိုက်ပါတယ်။

 

နော့သမ်ဘာလန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သက်တမ်းနှစ် ၁၅၀ ရှိပြီးဖြစ်တဲ့ အဲဒီဆီကာမိုးပင်ဟာ Robin Hood: Prince of Thieves (၁၉၉၁) ရုပ်ရှင်မှာ ပါဝင်ပြီးနောက် ကမ္ဘာကျော်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီသစ်ပင်ကို ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံးသစ်ပင်အဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

 

ဒန်နီယယ် ဂရေဟမ် နဲ့ အဒမ် ကာရူသာစ် တို့ကို အဲဒီသစ်ပင်ကို ဖျက်ဆီးပြီး ရှေးဟောင်း ရောမတံတိုင်းကို ထိခိုက်စေခဲ့မှုနဲ့ ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ်တုန်းက ညဘက် မုန်တိုင်းတိုက်နေစဉ်မှာ ကျူးလွန်ခဲ့တဲ့ ဒီလုပ်ရပ်ဟာ လူတွေရဲ့ အာရုံစိုက်မှုကို ရချင်တဲ့အတွက် ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

ဂရေဟမ်က အခင်းဖြစ်ပွားရာကို ဗီဒီယို ရိုက်ကူးနေစဉ် ကာရူသာစ်က လွှစက် အသုံးပြုတာကို ဗီဒီယိုအထောက်အထားတွေမှာ တွေ့မြင်ခဲ့ရပါတယ်။

 

အဲဒီသစ်ပင်က တန်ဖိုးဖြတ်မရတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သလို ပျက်စီးသွားတဲ့နေရာဟာလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သမိုင်းဝင်အရေးပါတဲ့နေရာဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေါသထွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

 

ဒီအမှုဟာ ယူကေနိုင်ငံမှာ တရားမဝင် သစ်ပင်ခုတ်လှဲမှုအတွက် ထောင်ဒဏ်ချမှတ်ခဲ့ရတဲ့ ပထမဆုံးအမှု ဖြစ်တယ်လို့လည်း သိရပါတယ်။

 

Source – AP News

 

ဓာတ်ပုံ – BBC