ရွေးကောက်ပွဲရက် ကြေညာပြီးမှ စစ်အုပ်စုက မဲဆန္ဒနယ် ပြောင်းလဲသတ်မှတ် အပိုင်း (၁) မှာ PR စနစ်နဲ့ ထွက်ပေါ်လာမယ့် ကိုယ်စားလှယ်မရှိ

စစ်အုပ်စုဟာ သူတို့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာအပြီးမှာ မဲဆန္ဒနယ်အချို့ကို တိတ်တဆိတ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် (၃) ခုကို ဩဂုတ် ၃၀ ရက်နေ့မှာ ပြောင်းလဲသတ်မှတ်လိုက်တာပါ။
မဲဆန္ဒနယ် ပြောင်းလဲမှုကို စစ်အုပ်စုရဲ့ လက်အောက်ခံ ဝါဒဖြန့်ချိနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အကျယ်တဝင့် သတင်းဖော်ပြလာတာကို မတွေ့ရှိခဲ့ရပါဘူး။
စစ်အုပ်စုဟာ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် (၁) ကို ယခင်က တံတားဦး၊ ပြင်ဦးလွင်၊ မဟာအောင်မြေ၊ သပိတ်ကျင်း၊ အမရပူရနဲ့ အောင်မြေသာစံခရိုင်တွေကို ထည့်သွင်းသတ်မှတ်ထားပေမယ့် ကျောက်ဆည်၊ ညောင်ဦး၊ တံတားဦးနဲ့ မြင်းခြံခရိုင်တွေအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
မဲဆန္ဒနယ် (၂) ကို ယခင်က ကျောက်ဆည်၊ ညောင်ဦး၊ မိတ္ထီလာနဲ့ မြင်းခြံခရိုင်တွေကို ထည့်သွင်းသတ်မှတ်ထားပေမယ့် ပြင်ဦးလွင်၊ မဟာအောင်မြေ၊ သပိတ်ကျင်း၊ အမရပူရနဲ့ အောင်မြေသာစံခရိုင်တွေအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
မဲဆန္ဒနယ် (၃) မှာလည်း ယခင်က ရမည်းသင်းခရိုင်နဲ့ ပြည်ထောင်စုနယ်မြေကိုသာ သတ်မှတ်ထားပေမယ့် မိတ္ထီလာခရိုင် တစ်ခုကိုပါ ထပ်တိုးပြီး ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။
ယခင် မဲဆန္ဒနယ်သတ်မှတ်ချက်တွေအရ စစ်အုပ်စုရဲ့ အပိုင်း (၁) ရွေးကောက်ပွဲမှာ PR စနစ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် (၃) ကနေ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ထွက်ပေါ်လာနိုင်သေးပေမယ့် မြို့နယ်အားလုံး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မိတ္ထီလာခရိုင်ကိုပါ ထပ်တိုးထည့်သွင်းခဲ့တာကြောင့် အပိုင်း (၁) ရွေးကောက်ပွဲမှာ PR စနစ်နဲ့ ပေါ်ထွက်လာနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် မရှိတော့တာကို CJ Platform က စိစစ်တွေ့ရှိရပါတယ်။
မြို့နယ်ပေါင်း ၁၀၂ မြို့မှာ ကျင်းပမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း (၁)ဟာ ဘယ်လိုရလဒ်တွေ ထွက်နိုင်ပြီး စစ်အုပ်စုဟာ ရွေးကောက်ပွဲကို ဘယ်လိုထိန်းချုပ်ထားလဲဆိုတာ CJ Platform က သုတေသနပြု စိစစ်ထားတဲ့ “အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက် ချုပ်ကိုင်ရန် စနစ်တကျ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲစနစ်” ခေါင်းစဉ်ပါ အစီရင်ခံစာကို ကွန်းမန့်မှာ ဖတ်ရှုနိုင်ပါတယ်။