မြေစာပုံ ပြိုကျလို့ လက်ကျင်းတူးသူ ၂၀ ခန့် အမြင့် ပေ ၂၀၀ ထက်က ပြုတ်ကျ သေဆုံးသူတွေရှိ

Author CJ Platform
Categories
Published on Jul 21, 2025

ကချင်ပြည် ဖားကန့်မြို့နယ် တောင်ယာကုန်းကျေးရွာမှာ ဇူလိုင် ၂၁ရက် မနက် ၉နာရီခန့်မှာ မြေစာပုံပြိုကျပြီး မြေစာတွေနဲ့အတူ လက်ကျင်းတူး ရေမဆေးကျောက်ရှာဖွေသူ တချို့  အမြင့်ပေ ၂၀၀ ခန့်ကနေ ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မှောစီစာကျေးရွာရှိ တင်အောင်ကြိုင် ကုမ္ပဏီလုပ်ကွက်အဟောင်းရဲ့ မြေစာပုံ ပြိုကျသွားတာဖြစ်ပြီး ပြိုကျသွားတဲ့ မြေစာပုံဟာ ထုပေ ၃၀ ခန့်ရှိကာ ရေမဆေးကျောက် ရှာဖွေနေသူတွေအပေါ် ပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“အမျိုးမျိုးတော့ ပြောနေကြတယ်။ ကျွန်တော်သိသလောက်တော့ လက်ရှိ နှစ်ယောက်တော့ သေဆုံးတာကို အတိအကျ သိထားတယ်လို့” ဖားကန့်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ခန့် ပျောက်ဆုံးခဲ့ရပြီး ၁၇ ဦး အလောင်းတွေကို ပြန်တွေ့ပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ CJ Platform အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

 

ဒေသခံတွေရဲ့ လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းအရ မြေပြိုကျတဲ့အထဲ ဆိုင်ကယ်အချို့နဲ့ တဲတချို့ ပါဝင်တာကိုလည်း တွေ့ရှိရပါတယ်။

 

မြေစာပုံပြိုကျ သေဆုံးသူတွေထဲ ကိုမင်းဇော် (၄၂ နှစ်) နဲ့ ကိုလင်းခန့်သူ (၁၉ နှစ်) တို့ မြေစာပုံပိ သေဆုံးခဲ့ရပြီး ကျန်သူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

ဖားကန့်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း မြေစာပုံပြိုကျတာကြောင့် မှော်ရှန်ကုန်းကျေးရွာက အလုပ်သမား နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်