ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူ

Author CJ Platform
Categories
Published on Jul 10, 2025

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ရွှေညဝါဆရာတော် (အရှင်ပညာသီဟ) ဟာ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက် ၂ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်ခဲ့တယ်လို့ ရွှေညဝါဖေ့ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။

 

ရွှေညဝါဆရာတော် ပျံလွန်တော်မူချိန် သက်တော် ၆၀၊ ဝါတော် ၂၇ ဝါ ရှိပြီဖြစ်ပြီး ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ အသည်းရောဂါ ဝေဒနာကို တက်ရောက်ကုသနေချိန် ပျံလွန်တော်မူခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဆရာတော်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီး နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ကိုမြအေး၊ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာ မောင်သာချိုတို့နဲ့အတူ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ခဲ့ပေမယ့် ထောင်ကျနေချိန်အတွင်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အသည်းရောဂါကို ခံစားခဲ့ရတဲ့အတွက် ကျန်းမာရေး တဖြည်းဖြည်း ဆိုးရွားလာခဲ့တာလည်း ဖြစ်ပါတယ်။

 

ရွှေညဝါဆရာတော်ဟာ ထောင်က ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့သလို မတ် ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကိုလည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Shwenyawar’s Facebook & Wikipedia