ရိုက်တာသတင်းဌာနရဲ့ အကောင့်တွေကို ပိတ်ပင်ဖို့ အိန္ဒိယအစိုးရက အမိန့်ပေးခဲ့တယ်လို့ X က စွပ်စွဲ

အိန္ဒိယအစိုးရက ဆင်ဆာဖြတ်တောက်ခြင်းဆိုင်ရာ စိုးရိမ်မှုတွေကို အကြောင်းပြပြီး ရိုက်တာသတင်းဌာနအကောင့်တွေဖြစ်တဲ့ Reuters နဲ့ Reuters World အပါအဝင် အကောင့် ၂,၀၀၀ ကျော်ကို ပိတ်ပင်ဖို့ အမိန့်ပေးခဲ့တယ်လို့ လူမှုကွန်ယက်ပလက်ဖောင်း X က စွပ်စွဲပြောဆိုလာတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
အဲဒီအကောင့်တွေကို ဇူလိုင် ၆ ရက်နေ့က အိန္ဒိယမှာ ပိတ်ပင်ခဲ့ပေမယ့် ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကြောင့် နောက်တစ်နေ့မှာ ပြန်ဖွင့်ပေးခဲ့ရပါတယ်။
အိန္ဒိယအစိုးရက ဇူလိုင် ၃ ရက်နေ့မှာ အိန္ဒိယရဲ့ သတင်းအချက်အလက်နည်းပညာအက်ဥပဒေ ပုဒ်မ ၆၉-က အရ အကောင့်ပေါင်း ၂၃၅၅ ကောင့်ကို ပိတ်ပင်ဖို့ အမိန့်ပေးခဲ့တယ်လို့ X ဘက်က စွပ်စွဲပြောဆိုလိုက်တာပါ။
အိန္ဒိယနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကတော့ သူတို့ဘက်က အကောင့်ပိတ်ဖို့ အမိန့်တစ်ခုမှ ထုတ်ပြန်ခဲ့တာမရှိကြောင်းနဲ့ နိုင်ငံတကာသတင်းဌာနတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုပြီး စွပ်စွဲချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
ဒီဖြစ်စဥ်နဲ့ပါတ်သတ်ပြီး X နဲ့ အိန္ဒိယအစိုးရကြား တင်းမာမှုတွေ ပိုဆိုးလာနေတာကြောင့် X အနေနဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။
လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ X ဟာ လက်ရှိ အမေရိကန်သမ္မတ ထရန့်နဲ့ အခြေအတင်ဖြစ်ပြီး ပါတီသစ်ထူထောင်ထားတဲ့ အမေရိကန်သူဌေးကြီး အီလွန်မတ်စ် ပိုင်ဆိုင်တဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။
Source – Reuters, CNBC
ဓာတ်ပုံ – yahoo