မိုးကုတ်မြို့ ပန်းမထိပ်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီက မနေ့ ဇူလိုင် ၉ ရက် ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်မှာ ပန်းမထိပ်ရွာကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးနှစ်ဦး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒေသခံနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
သယံဇာတအများဆုံး ထွက်ရှိပြီး ရွှေလုပ်ကွက်တွေရှိနေတဲ့ မိုးကုတ်မြို့ကို တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) တို့ ပူးပေါင်းထိန်းချုပ်ထားပြီး စစ်ကောင်စီက မိုးကုတ်မြို့ကို ပြန်လည်ရရှိဖို့ ကြိုးစားနေပါတယ်။
“အဓိကက သူတို့က မိုးကုတ်မြို့ကို ပြန်လိုချင်နေတာ။ မိုးကုတ်ကို စစ်ကြောင်းထိုးမရတော့ ဗုံးကြဲပြီး ပြည်သူတွေ စိတ်ဓာတ်ကျအောင်လုပ်ချင်တဲ့သဘောပဲ” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခုလ ဇူလိုင် ၈ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်နဲ့ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းဘက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်လည်သိမ်းယူဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ အပြင်းအထန် လုပ်ဆောင်နေချိန်မှာ နောင်ချိုမြို့နဲ့ ကပ်လျက်ရှိတဲ့ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာပါတယ်။
နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် လာမယ့် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့လည်း PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
ဓာတ်ပုံ – TNLA
ပုံစာ – မိုးကုတ်မြို့ ပန်းမထိပ်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်