စစ်ကိုင်းမြို့မှာ အပူချိန်များလို့ သက်ကြီးပိုင်းတွေ ခေါင်းကိုက်တာနဲ့ ဝမ်းလျှောတာအဖြစ်များနေ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ပေါ်မှာ အပူချိန်များတဲ့အတွက် သက်ကြီးပိုင်းလူကြီးတွေဟာ ခေါင်းကိုက်တာနဲ့ ဝမ်းလျှောတာတွေ အဖြစ်များနေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်အပြီးမှာ နေအိမ်တွေပျက်စီးသွားခဲ့ရတဲ့ စစ်ကိုင်းမြို့ခံအများစုဟာ လမ်းတွေပေါ်မှာ အမိုးအကာနဲ့ တဲထိုးနေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာဆိုရင် စစ်ကိုင်းမြို့ပေါ်မှာ အပူချိန်မြင့်တက်လာတဲ့အတွက် သက်ကြီးပိုင်းတွေ နေထိုင်ရတာ အဆင်မပြေဖြစ်နေရတယ်လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
“နေရတာ တော်တော်ဆိုးတယ်။ စစ်ကိုင်းမြို့ပေါ်က အရမ်းကိုပူတယ်။ သက်ကြီးပိုင်းတွေလေ နေရတာ အဆင်မပြေလောက်ဖူးလေ၊ နေဖို့နေရာလဲမရှိတော့။ လူငယ်တွေတောင် အပြင်ထွက်လို့ အဆင်မပြေဘူး”လို့ သူကပြောပါတယ်။
သူနေထိုင်တဲ့ ရပ်ကွက်အနီးဝန်းကျင်မှာဆိုရင် သက်ကြီးပိုင်းတွေဟာ ခေါင်းကိုက်တာနဲ့ ဝမ်းလျှောတာတွေအဖြစ်များနေပြီး၊ သစ်ပင်ရိပ်ရှိတဲ့နေရာတွေမှာ ခိုကပ်နေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့ပေါ်မှာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကူညီပေးနေသူတွေထဲက တစ်ချို့မှာလည်း အပူချိန်များတဲ့အတွက် မူးလဲသူတွေရှိနေရတယ်လို့လည်း စစ်ကိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါသေးတယ်။
“ကယ်ဆယ်ရေးတွေရော လိုက်လှူတဲ့သူတွေပါ နေတအားပြင်းတော့ တော်တော်ပင်ပန်းကြတယ်။ တစ်ချို့ဆို နေတအားပူလို့ မူးတောင်မူးကြတယ်။ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတာတောင် ချွေးတွေကျနေတာ။ ကိုယ့်အိမ်ဖြိုလို့ အလုပ်ရှုပ်ကြတဲ့သူတွေဆို ပိုပြီးအပူဒဏ်ကိုခံကြရရှာမှာ။ သဘာဝဘေးဒဏ်ကိုခံရ နေအပူဒဏ်ကိုခံရနဲ့ လူတွေလဲ ယဲ့ယဲ့ရှိတော့တယ်”လို့ သူမက ပြောပါတယ်။
ယခုလိုကာလမျိုးမှာ စစ်ကိုင်းမြို့ခံတွေအနေနဲ့ ကျန်းမာရေးပြသနာတွေ ခံစားနေရတာဟာ မြို့ခံတွေ နေထိုင်ရာနေတွေမှာ အမိုးအကာတွေက အပူချိန်ဒဏ်ကို မခံနိုင်လို့ဖြစ်တယ်လို့ စစ်ကိုင်းမြို့ခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာမတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
“အမိုးတွေက မိုးကာလောက်နဲ့ဘဲဆိုတော့ အပူချိန်မခံနိုင်ကြတော့တာ။ Heatstroke လည်းစတွေ့နေရတယ်။ သွေးတိုးသမားတွေလည်း ပိုတိုးတယ်။ အရက်သမားတွေဆို ပိုဆိုးတာပေါ့ ဒီအပူချိန်နဲ့ဆိုတော့”လို့ သူမက ပြောပါတယ်။
ယခုရက်ပိုင်း စစ်ကိုင်းမြို့ရဲ့ နေ့လယ်ပိုင်း အပူချိန်ဟာ ၃၈ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်ကြားမှာရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ခံတွေအနေနဲ့လည်း ယခုလိုကာလမျိုးမှာ အေးပြီးသက်သာစေမယ့် နေရာမျိုးတွေမှာနေဖို့နဲ့ ချွေးထွက်လာရင် ဓာတ်ဆားရေသောက်သုံးဖို့ကိုလည်း ဆရာမက အကြံပြုထားပါသေးတယ်။
“မီးကလည်းမလာ အဆောက်အဦးကလည်း ပျက်စီးတော့ အပူရှိန်ကို ကောင်းကောင်း မကာကွယ်နိုင်တဲ့အတွက် အေးပြီးသက်သာစေမယ့် အပင်အောက်တို့ နေတာမျိုး၊ အပူလွန်ပြီး ချွေးထွက်လွန်ရင် ဓာတ်ဆားရေ၊ အချိုရည် သောက်ပြီး ကာကွယ်ကြပါလို့ ပြောချင်ပါတယ်။ သွေးတိုးရှိသူဆိုရင်တော့ ဆရာဝန်အကြံပေးချက်နဲ့ပဲသောက်ပါ”လို့ သူမက ပြောပါတယ်။
စစ်ကိုင်းမြို့ခံတွေ အပူဒဏ်ခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ကူညီဆောင်ရွက်ပေးတာမျိုးတွေ မကြားရဘူးလို့လည်း စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
ဒါပေမယ့် ဓာတ်ဆားရေနဲ့ ဆေးဝါးတွေ ဝယ်ယူလို့ရတဲ့အတွက် အဆင်ပြေကြတယ်လို့လည်း သူတို့က ဆိုပါတယ်။ လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာတော့ ပျက်စီးနေတဲ့ အိမ်တွေကို ဖြိုဖျက်တာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင် လှုပ်ခတ်မှုဖြစ်စဉ်မှာ ဧပြီလ ၂၅ရက်အထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃၇၆၄ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၆ဦးနဲ့ ပျောက်ဆုံးသူ ၁၁၀ရှိတယ်လို့ စစ်ကောင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – RCS – Rapid Code Shelter