FATF ၏ မြန်မာနိုင်ငံအပေါ် Black List ကြေညာမှုကို သတင်းဖုံးလွှမ်းစေချင်တဲ့ စစ်ကောင်စီ အလိုကျ ကပြခွင့်ရလိုက်တဲ့ လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ် Sex Dolls ကိုယ်တော်ကြီး

Author မောင်ဒဂုံ
Categories
Published on Oct 22, 2022

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် ဇောင်းတန်းလှေကားနားက မြေကွက်လပ်ထဲ ဆီလီကွန်အရုပ် နှစ်ခုရောက်လို့ လာခဲ့ပါတယ်။

ရန်ကုန်မြို့က ဖက်ရှင်ပွဲတွေမှာ မော်ဒယ်တွေ ဝတ်လေ့ရှိတဲ့ မြန်မာဝတ်စုံ ပုံစံ ဆင်ပေးထားတဲ့ ဒီအရုပ်နှစ်ခုက လက်အုပ်ချီလျက် ထိုင်ခုံမှာ ထိုင်လို့ပါ။ ဒီအရုပ်တွေ လက်ထဲလည်း ပန်းတွေထည့်ထားပါတယ်။ အရှေ့က စားပွဲပေါ်မှာလည်း အခင်းနီ ခင်း၊ ပွဲတွေ ဘာတွေ ထိုးထားလို့ပါ။

ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အထင်ကရ အထွဋ်အမြတ် တစ်ခု ဖြစ်တဲ့ ရွှေတိဂုံစေတီတော် မှာ ရင်ပြင်တော်ပေါ်က ဘီလူးရုပ်၊ ဝိဇ္ဇာရုပ်တွေတောင် မရှိခဲ့တာ ကြာခဲ့ပါပြီ။ နတ်ကိုးကွယ်မှုနဲ့ ထေရဝါဒက ပြဒါး တစ်လမ်း သံတစ်လမ်းပါပဲ။

ဒါပေမယ့် နိုင်ငံခြားဖြစ် ဆီလီကွန် မယ်တော်နှစ်ကတော့ ရွှေတိဂုံ စေတီရှိရာကို ရောက်လာခဲ့ပါတယ်။ သူတို့ လမ်းများမှားလာတာလား…….?။

ဒီ အရုပ်နှစ်ခု ပိုင်ရှင်ကရော ဘယ်သူပါလဲ…..။

“Naruto ကြိုက်သူ အင်းဝိဇ္ဇာကြီး”

ရွှေတိဂုံကို ရောက်လာတဲ့ ဆီလီအရုပ်နှစ်ခုရဲ့ ပိုင်ရှင်ကတော့ လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီး ဆိုတဲ့ ဖေ့စ်ဘွတ် ပေ့ချ် တစ်ခုဖွင့်ထားတဲ့ အသက် ၃၀ကျော် အမျိုးသား တစ်ယောက်ပါပဲ။

ဒီလူက သူ့ရဲ့ ပေ့ချ်ကို ၂၀၁၇ခုနှစ်က စပြီး ဖွင့်ထားခဲ့တာကို တွေ့ရပါတယ်။ ပေ့ချ် စထောင်ပြီးကတည်းက အင်းအိုင်လက်ဖွဲ့၊ ဖိုထိုး၊ ပီယဆေးဖော် စတဲ့ အကြောင်းတွေကို မသေမသပ် EDIT လုပ်ထားတဲ့ ဓာတ်ပုံတွေနဲ့ တွဲတင်လေ့ရှိပါတယ်။

ဒါ့အပြင် ဒီ အင်းဝိဇ္ဇာဆိုသူဟာ Anime ဇာတ်လမ်းတွေကိုလည်း နှစ်သက်ဖွယ် ရှိပုံပါပဲ။ ဂျပန် Naruto ကာတွန်းဇာတ်လမ်းထဲက Gaara ဆိုတဲ့ ဇာတ်ကောင်ရဲ့ ပုံတွေကိုလည်း သူက အများအပြား တင်ထားခဲ့ပါသေးတယ်။

” ဂါရာ က ကျိန်စာသင့်ပြီး သဲလူသားကြီး ဖြစ်သွားတာပေါ့။ အဲ့ဒီလိုမျိုး ဇာတ်ကောင်ပေါ့” ဟု Naruto ဇာတ်လမ်းတွဲကို နှစ်သက်သူ တစ်ဦးက ပြောပြပါတယ်။

“အောင်သမာဓိရွှေဆိုင် တံဆိပ်ပါ ရွှေတုံး နှင့် လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီး”

အင်းဝိဇ္ဇာဆိုသူကြီးဟာ အဂ္ဂိရက် ဖိုလည်း ထိုးပါသေးတယ်။ ဓာတ်သဘောအရ သတ္တုကို ရွှေဖြစ်အောင် ဖိုထိုးပြနိုင်တဲ့ နည်းတွေကိုလည်း အွန်လိုင်းးပေါ်ကနေ ပြောပြလေ့လည်း ရှိပါတယ်။

ပို့စ်တစ်ခုမှာတော့ အင်းဝိဇ္ဇာဆိုသူကြီးကို လူမှုကွန်အသုံးပြုသူ တစ်ဦးက မေးခဲ့တဲ့ မေးခွန်းလေး တစ်ခု ရှိပါတယ်။

အဲ့ဒီပို့စ်မှာ အင်းဝိဇ္ဇာဆိုသူကြီးက သူ ဖိုအောင်လို့ ရွှေဖြစ်သွားတာကို ပုံနဲ့တကွ ပြထားခဲ့တာပါ။ သူ ပြထားခဲ့တဲ့ ရွှေတုံးမှာ အောင်သမာဓိရွှေဆိုင် ဆိုတဲ့ အသားတံဆိပ် ရိုက်နှက်ထားတာတော့ ရှိနေပါတယ်။

ဒါကြောင့်လည်း အထက်မှ လူမှုကွန်ယက်သုံးသူက ” ဖိုထိုးရင် အောင်သမာဓိရွှေဆိုင် တံဆိပ်ပါအောင် ထိုးလို့ရတာလား” လို့ မှတ်ချက်ပေး မေးမြန်းခဲ့တာကို တွေ့ရပါတယ်။

ဒီမေးခွန်းကိုတော့ အင်းဝိဇ္ဇာဆိုသူကြီးက ပြန်လည် တုန့်ပြန်ခဲ့တာတော့ မတွေ့ပါဘူး။

” အော်ဒါ မတင်တတ်တဲ့ ဘိုးတော် နှင့် Sex Dolls ဘဝရောက်သွားတဲ့ မယ်တော်နှစ်ပါး”

ဒီနေ့ခေတ်မှာ Amazon လို့ Shopping Website တွေကနေ ငွေသာရှိ ကြိုက်တဲ့အရာကို ကြိုက်တဲ့နေရကနေ ကြိုက်သလို မှာလို့ ရနေပါပြီ။ ဆီလီကွန် အရုပ်တွေလည်း ဒီလိုပါပဲ။

ဒေးဗစ်ဘက်ဟမ်း ပုံတူ ဆီလီကွန်ရုပ်မှာချင်လား၊ Anime ပရိသတ်များအတွက် Anime အသက်ဝင်လှတဲ့ ဆီလီကွန်အရုပ် လှလှလေးများ မှာလိုသလား။ မှာယူလို့ ရနေပါတယ်။

” ခင်များမှာ ပိုက်ဆံ ရှိဖို့ပဲလိုတယ်။ ခင်များကြိုက်တဲ့ ကောင်မလေး မျက်နှာပုံနဲ့ အရုပ် အော်ဒါတင်လိုက်လို့ရတယ်။ အရုပ်တစ်ရုပ်အတွက် သိန်းတစ်ထောင်လောက် သုံးချင်ရင်တော့ ခင်များသဘောပဲ။ ” လို့ Sex Entertainment ပစ္စည်းတွေအကြောင်း ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် အင်းဝိဇ္ဇာကြီးကတော့ မယ်တော်နှစ်ပါး ကိုယ်စား ကိုးကွယ်ဖို့ရာ Sex Dolls အမျိုးအစားကိုမှ မှာယူခဲ့တာကို တွေ့ရပါတယ်။

“အိမ်သာခွက်အသစ်က ထမင်းပန်းကန် ဖြစ်လာနိုင်လား”

ဒီလိုမျိုး Sex Dolls တွေကို ကိုးကွယ်ပြနေလို့ လူမှုကွန်ယက်ပေါ်မှာလည်း ဝေဖန်တာတွေ အတော်များတာကိုလည်း တွေ့ရပါတယ်။

အင်းဝိဇ္ဇာဆိုသူကြီးကတော့ ဒီဝေဖန်တာတွေကို သူ့ရဲ့ Live တစ်ခုမှာ တုန့်ပြန်ထားတာ တစ်ခု ရှိပါတယ်။

သူက ဒီအရုပ်တွေကို Sex Dolls လို့ သဘောမထားတဲ့ အတွက် Sex Dolls မဖြစ်ကြောင်းနဲ့၊ ဒီအရုပ်တွေက သူ့ကို ငုပ်တုပ်ထိုင်ရင်း ချမ်းသာ လာစေတဲ့ မယ်တော်နှစ်ပါးကို ကိုယ်စားပြုလို့ သူက ကိုးကွယ်တာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒီအင်းဝိဇ္ဇာဆိုသူရဲ့ ပြုမူပုံက ထေရဝါဒ ဗုဒ္ဓဝင်ကျမ်းဂန်များပါ မခွဲခြား တတ်သည့် လှူဖွယ် ပစ္စည်း သဘောတရားကို ယူသုံးထားပုံရတယ်လို့ ဓမ္မစာပေ လေ့လာသူ တစ်ဦးက ဆိုပါတယ်။

” ဒါက ဘုရားဟောကို မလှိမ့်တစ်ပတ်လုပ်ပြတဲ့ သဘောပဲ။ အသစ်ပါပေါ့။ ထေရဝါဒ သဘောတရားကတော့ ရုပ်ဝတ္ထုတွေ အပေါ် အယုတ်အလတ် အမြတ် မခွဲဘူးလေ။ ” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ရွှေတိဂုံစေတီ ပုရဝဏ်ထဲ မသုံးရသေးတဲ့ Sex Dolls တွေကို ယူလာတာမျိုးက ဘာသာရေး နဲ့ မဆိုင်ပဲ လူ့ကျင့်ဝတ်၊ လူသားတစ်ယောက် စောင့်ဆည်းရမည့် ကျင့်ဝတ်များနဲ့သာ ဆိုင်တယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

” ဒီကောင် လူ မဟုတ်လား။ Sex Dolls ဟာ Sex Dolls ပဲ။ ချီးမပါ ရသေးတဲ့ အီးအိုးကို ထမင်းပန်ကန် ကောက်လုပ်တာမျိုး။ အဲ့ဒါက ပွဲမတိုးဘူး။ လူသားဆန်မှုမှာ အဲ့လို ညစ်တီးညစ်ပတ် အတွေးအခေါ်တွေကို ဝိုင်း ပါယ် ကြမှာပဲ” လို့ ဆိုပါတယ်။

“ဘာသာနှစ်ခု ရောပြတဲ့ ဘိုးတော် “

အင်းဝိဇ္ဇာဆိုသူကြီး နာမည်တပ်ထားတဲ့ Sex Dolls နှစ်ခုထဲမှာ တစ်ခုက ဟိန္ဒူဘာသာကျမ်းဂန်လာ ဉာဏ်ပညာစောင့် နတ်သမီး သူရဿတိလို့ ရေးတပ်ထားပါတယ်။

သူရဿတိနတ်သမီးဆိုတာ အရင်အချိန်များက ကျောင်းသားများ စာမေးပွဲ ဖြေခါနီးပြီဆိုလျင် လက်ဖက်၊ ကြက်ဥ အစရှိတာတွေနဲ့ ပသ ဆုတောင်း တာတွေ လုပ်တတ်ကြတဲ့ ရိုးရာ နတ်ကိုးကွယ်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒါကြောင့် သူရဿတိနတ်သမီးကို ထေရဝါဒရဲ့ အထွဋ်အမြတ်နေရာတွေထဲက တစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ထဲ ယူလာတာမျိုးက ထေရဝါဒဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တာတွေကို ယူလာတာမျိုးလို့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ပါတယ်။

” ဦးဇင်းတို့ သာသနာမှာ သူရဿတီ ဆိုတာ မရှိပါဘူး။ ဒါက အိန္ဒိယဘက်ကလာတဲ့ အယူအဆတွေ။ ဦးဇင်းတို့ သာသနာမှာ ဒီလိုမျိုး ကိုးကွယ်တာတွေ မရှိဘူး” လို့ ဦးဇင်း မင်းသုညက မိန့်ပါတယ်။

ဦးဇင်းမင်းသုညကတော့ အင်းဝိဇ္ဇာဆိုသူကြီးရဲ့ အရုပ်တွေကို လိင်ဖျော်ဖြေရေး အရုပ် အဖြစ်သာ မြင်ပြီး ရွှေတိဂုံစေတီလို မြင့်မြတ်တဲ့ သာသနာ့နယ်မြေကို ယူလာတာမျိုးက ရုပ်ဆိုး အကျည်းတန်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် မဘသ ဘုန်းကြီးတွေ အနေနဲ့လည်း မယောင်ရာ ဆီလူး အမျိုးဘာသာ သာသနာ အော်နေမယ့် အစား ဒီလိုမျိုး သာသနာကို ခုတုန်းလုပ်နေတာတွေကို လိုက်တားသင့်တယ်။ ပညာပေးသင့်တယ်လို့လည်း မိန့်ပါတယ်။

” ခေါင်းရှောင်တဲ့ ရွှေတိဂုံ ဂေါပက”

ဒီ Sex Dolls နှစ်ရုပ် ဘုရား ပုရဝဏ်ထဲ ရောက်လာတာကို ရွှေတိဂုံစေတီ ဂေါပကဘက်ကတော့ “သူတို့ကို ဘိုးတော်က ဘုရားရင်ငွေ့ လှုံတယ်ပဲ ပြောတာပါ။ Sex Dolls တွေ ပါလာမယ် မပြောပါဘူး ” လို့ ဆိုတဲ့ ပုံစံမျိုးသာ တုန့်ပြန်ခဲ့ပါတယ်။

ရွှေတိဂုံ ဂေါပကဘက်က သို့ကလို တုန့်ပြန်ခဲ့ပေမယ် စေတီပုရဝဏ်ထဲရောက်လာတဲ့ Sex Dolls နှစ်ရုပ်စီကိုတော့ လာရောက် ဖူးးမျှော်သူတွေပါ ရောက်လာခဲ့ပါတော့တယ်။

လက်အုပ်ချီအသွင်၊ မြန်မာဝတ်စုံဝတ် Sex Dolls နှစ်ရုပ်ကို စားပွဲခင်းနီနဲ့ ပွဲထိုး နတ် တံဆိပ် ကပ်လိုက်တဲ့ အတွက်လည်း ရိုးသားတဲ့ ဘုရားဖူးပြည်သူတွေ အငိုက်မိသွားခဲ့ပုံ ရပါတယ်။

ဦးဇင်းမင်းပုညကတော့ ” လိင်ဖျော်ဖြေရေး အရုပ်ကို အရိယာတွေ ဘာတွေကပ်တာ ဒါ သာသနာကို စော်ကားတာပဲ။ သိပ်ကို ရုပ်ဆိုးအကျည်းတန်တယ်” လို့ ဝေဖန်မိန့်ကြားပါတယ်။

“ဗဟန်းစခန်းရောက်လည်း ပြန်ကြွလာနိုင်တဲ့ Sex Dolls ကိုယ်တော်ကြီး”

အွန်လိုင်းပေါ်မှာရော မြေပြင်မှာ ပွဲစည်သွားတဲ့ Sex Dolls တွေ ကိစ္စကတော့ ပြည်သူတွေကြားမှာ ဟိုးလေးတစ်ကြော်ပါပဲ။ ဒီကနေ့ ညနေပိုင်းမှာတော့ Sex Dolls ကိုယ်တော်ကြီးနဲ့ သူ့ရဲ့ အရုပ်တွေ ဗဟန်းရဲစခန်းကို ရောက်သွားသေးတယ်လို့ သိရပါတယ်။

မေးခွန်းတွေ မေးမြန်းပြီးချိန်မှာတော့ ရွှေတိဂုံ စေတီ ပုရဝဏ်ထဲ နိုင်ငံခြားဖြစ် မသုံးရသေးတဲ့ လိင်ဖျော်ဖြေရေး အရုပ်ကို နတ်ရုပ်သဖွယ် ပူဇော် ပသခံရအောင် ပြုလုပ်ခဲ့သူတွေ ပြန်လွတ်သွားတယ်လို့လည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပေးထားပါတယ်။

” သူတို့ အရုပ်တွေပါ ပြန်သယ်သွားပြီ။ ဒီအတိုင်း ခေါ်မေးရုံပဲ။” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ ရဲတွေအတွက် ရွှေတိဂုံပေါ် Sex Dolls တွေ အပူဇော်ခံရောက်လာတာက သာသနာတော်ကို ညှိုးနွမ်းစေတယ်လို့ ယူဆပုံ မရသေးဘူးထင်တယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက ဆိုပါတယ်။

” အေးဆေးပေါ့။ ဟိုဘဲက ဘိုးတော်လိုလို ဘာလိုလို နဲ့ ဘုရားပေါ် Sex Dolls တွေ တင်လာတယ်။ အင်းလေ သူတို့ မညှိုးခြင်ရင် ဘယ်တော့မှ သာသနာက မညှိုးဘူး” လို့ သူက ပြောပါတယ်။

“မဟန်မှ အယောင်ပြတဲ့ ဂေါပက”
ရွှေတိဂုံစေတီ ပုရဝဏ်အတွင်း အခုလို ဖြစ်ရပ်အပေါ် စစ်ကောင်စီရဲ့ ယာဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာနကလဲ အရေးယူဖို့ မရှိဘူးလို့ ဖြေကြားခဲ့ပြီးနောက် ထပ်မံထွက်ပေါ်လာတဲ့ ဝေဖန်သံတွေအတွက် ရွှေတိဂုံ ဂေါပကအဖွဲ့က အင်းဝိဇ္ဇာကြီးကို အရေးယူဖို့အတွက် လုပ်ဆောင်မယ်လို့ အောက်တိုဘာလ ၂၂ရက်နေ့ ည ၇နာရီ၅၀မိနစ်မှာ လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်လာခဲ့ပေမယ့် ၁၅မိနစ်ခန့်အကြာမှာ ပြန်လည် ဖျက်သွားခဲ့ပြီး တစ်နာရီခန့်အကြာမှာ ပြန်လည်ဖော်ပြလိုက် ပြန်ဖျက်လိုက်နဲ့ ရွှေတိဂုံဂေါပကအဖွဲ့ဟာ လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ် Sex Dolls ကိုယ်တော်ကြီးနဲ့ အလုပ်ရှုတ်ခဲ့ပြီး Post တွေမှာ မှတ်ချက်ပြုရေးသားခွင့်တွေကိုပါ ပိတ်ပင်လိုက်ပါတယ်။

လက်တွေ့တကယ် အရေးယူမယ် မယူဘူးကို မသိရတော့ဘူးပေါ့။

” ဒေါ်လာစျေးက ကျပ် ၆၀၀၀နှင့် ခါတော်မီ Sex Dolls မယ်တော်များ”

အောက်တိုဘာလ ၂၁ရက်နေ့ ညက FATA က မြန်မာနိုင်ငံကို စစ်ကောင်စီ လုပ်နေတဲ့ အကြမ်းဖက်မှုတွေ၊ မနိုင်မနင်းကိုင်တွယ်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ငွေကြေးဆိုင် အမည်ပျက်စာရင်း သွင်းလိုက်ပါတော့တယ်။

ညတွင်းချင်း ဒေါ်လာစျေးက ကျပ် ၆၀၀၀ ဖြစ်သွားပါတယ်။ ဆေးဆိုင်တွေက ဆေးတွေကို စျေးကစားဖို့ ပြင်ဆင်လာပုံရတယ်လို့ ဆေးဝယ်သူ အချို့ကလည်း ပြောပါတယ်။

Sex Dollsတွေ ရွှေတိဂုံ ပုရဝဏ်ကို ရောက်ရှိလာတဲ့ စနေနေ့ တစ်ရက်လုံးလည်း ရန်ကုန်မြို့က စျေးဝယ်စင်တာတွေ၊ စျေးတွေမှာ လူတွေ ပုံမှန်ထက် များနေခဲ့ပါတယ်။

ယာဥ်ကြောရှင်းနေကျ စနေနေ့ နေ့လည်ခင်းဟာ မကြံစဖူး ညနေပိုင်းလောက်ထိ ယာဥ်ကြောတွေ မကြာမကြာ ကျပ်နေခဲ့တယ်လို့လည်း သိရပါတယ်။

လူထုအကြားမှာ FATA ရဲ့ Blacklist သတင်းက အတော်ကို ရိုက်ခတ်ထားပုံရပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာတော့ ဒီကနေ့ မနက်ပိုင်းထဲက Sex Dolls ကိုယ်တော်ကြီး နဲ့ သူ့ရဲ့ မယ်တော်တွေက နေရာယူထားပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲသတင်းတောင် ပြောမယ့်သူ သိပ်မတွေ့ရတော့ပါဘူး။

” FATA အမည်ပျက်ကိစ္စနဲ့ စကစ တိုင်ပတ်နေတုန်း ဒီကောင်က ထကြောင်တော့ ဟ ပေး လိုက်တဲ့ ပုံပဲ။။လူတွေ အာရုံလွှဲစေချင်နေပုံပါ။” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက မှတ်ချက်ပေးပါတယ်။

“FATA ရဲ့ Blacklist”

FATA ရဲ့ Blacklistဟာ စစ်ကောင်စီတင်မက ပြည်သူအားလုံးပါ ထိခိုက်လာမယ့် အခြေအနေတစ်ခုကို သတင်းဖုံးလွှမ်းနိုင်ဖို့အတွက် လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ် Sex Dolls ကိုယ်တော်ကြီးက ဝင်ရောက် ကပြအသုံးတော်ခံလိုက်တာပဲဖြစ်ပါတယ်။