ဟန်ပြ ရွေးကောက်ပွဲမှသည် စစ်ခေါင်းဆောင်ခြေလှမ်း ဘယ်သို့လှမ်း

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အစောဆုံး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်(သို့မဟုတ်) လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ပထမပတ်အတွင်း ကျင်းပမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းတုန်းက သွားရောက်ခဲ့တဲ့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ရဲ့ ခရီးစဉ်အတွင်းမှာပဲ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို မဲလိမ်တယ်ဆိုပြီး အာဏာသိမ်းခဲ့သူက အဲဒီလို အတိအလင်း ကြေညာခဲ့တာပါ။ အတိအကျဆိုရရင် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စစ်ခေါင်းဆောင် ဒုတိယအကြိမ်အဖြစ် သွားရောက်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံမှာ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ တွေ့ဆုံချိန် ရွေးကောက်ပွဲကျင်းပမယ့်ကာလကို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးရှိနေကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိအမှတ်ပြုခံရဖို့၊ ရုပ်သေးအစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ ဆိုတဲ့ အမြင်မျိုးရှိကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှုတွေရဲ့ထွက်ပေါက်အဖြစ် အသုံးချဖို့ဆိုတာကလည်း အပါအဝင်ပါပဲ။
နောက်တစ်နည်းကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရဲ့ ဘဝသက်တမ်းတလျှောက် ကွက်လပ်ဖြစ်နေတဲ့ လိုအင်ကို ဖြည့်ဆည်းဖို့ပါ။
လက်ရှိ ဗိုလ်ချုပ်မှူးကြီး၊ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ စစ်ကောင်စီအပါအဝင် အဖွဲ့ပေါင်းများစွာရဲ့ ဥက္ကဋ္ဌ စတဲ့ အမြင့်ဆုံးရာထူးတွေကို စစ်ခေါင်းဆောင်က ရယူထားတာပါ။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်အာဏာရှင်၊ စစ်ခေါင်းဆောင်၊ စစ်အာဏာသိမ်းခေါင်းဆောင်လို့ သမုတ်ကြသလို အာဏာရူးလို့လည်း ပြစ်ပြစ်နှစ်နှစ် ရာထူးတွေအပ်နှင်းထားကြပါတယ်။
အဲဒီဘွဲ့နဲ့ ရာထူးတွေထက် အာဏာအပေါ်မိန်းမောနေသူ စစ်ခေါင်းဆောင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံး၊ အရူးသွပ်ဆုံးနဲ့ ကိုယ်တိုင်ခန့်လို့မရတဲ့ အမြင့်ဆုံးရာထူးတစ်ခု ကျန်ရှိနေပါတယ်။
အဲဒါကတော့ ပြည်သူတွေက တစ်သက်တာ မပေးမယ့် ‘သမ္မတ’ ရာထူးဖြစ်ပါတယ်။
“အဲဒါကြောင့် ရွေးကောက်ပွဲကို အသည်းအသန်လုပ်ဖို့ သူကြံနေတာ။ သူ သမ္မတအဖြစ် အရွေးခံပါလိမ့်မယ်” လို့ ဝါရင့်နိုင်ငံရေးလေ့သုံးသပ်သူတစ်ဦးက အခိုင်အမာပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ပြည်သူအများစုကလည်း ရွေးကောက်ပွဲလုပ်ပြီး စစ်ခေါင်းဆောင် သမ္မတလုပ်မယ်ဆိုတာ ကြိုတင်တွက်ဆထားကြပြီးဖြစ်ပါတယ်။
“ဟန်ပြရွေးကောက်ပွဲ ဘယ်လိုလုပ်နိုင်လဲ”
စစ်ကောင်စီရွေးကောက်ပွဲကို ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ဖို့ရှိတဲ့အကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ပြောထားပါတယ်။
စစ်ကောင်စီရွေး/ကော်ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်သတ်မှတ်ရက်ကတော့ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
နောက်ဆုံးနေ့အထိ စစ်ကောင်စီရွေး/ကော်ထံ ပါတီသစ် ၂၇ ခုလျှောက်ခဲ့တဲ့အပြင် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်အတွက် လျှောက်ထားတဲ့ပါတီ ၅၀ ခု စုစုပေါင်း ၇၇ ပါတီရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ ပါတီ ၇၇ ခုနဲ့ ပြုလုပ်သွားမယ်လို့ နားလည်ရပါတယ်။
“ကောလာဟလတွေက ဝန်ထမ်းဟောင်း၊ UMFCCI က ကုန်သည်ကြီးတွေကို ပါတီဖွဲ့ဖို့ တိုက်တွန်းတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်” လို့ နိုင်ငံရေးသမားလည်းဖြစ်၊ ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရွေး/ကော်ရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရ အဲဒီလိုလူမျိုးတွေ စုဖွဲ့ထားတဲ့ ပါတီနာမည်မျိုးတွေ မတွေ့ခဲ့ရဘဲ ရခိုင်နဲ့ တိုင်းရင်းသားပါတီတချို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်တာပဲ တွေ့ရပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ဖျက်သိမ်းထားတဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ တွင်တွင်ပြောဆိုနေကြပါတယ်။
“ကျွန်တော်တို့ NLD ပါတီကတော့ စကစလုပ်မယ့်ရွေးကောက်ပွဲကို စိတ်လည်းမဝင်စားဘူး။ အသိအမှတ်လည်း မပြုဘူးဗျ။ သူ(စကစ)ကနေ ဖွဲ့စည်းပေးလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသိအမှတ်မပြုဘူးဗျ။ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲက အလိမ်အညာရွေးကောက်ပွဲတစ်ခု၊ နောက်ပြီးတော့ ဟန်ပြသက်သက်သာလုပ်တဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်” လို့ လက်ရှိ NLD ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်နေ အသက် ၄၅ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကလည်း ရွေးကောက်ပွဲကို စိတ်မဝင်စားဘဲ မဲသွားပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒီလို အသိအမှတ်မပြုရုံနဲ့ ပြီးသွားမှာပါလား။ မဲသွားမပေးရုံနဲ့ ရွေးကောက်ပွဲပျက်သုဉ်းသွားမှာပါလား။ ဒီမိုကရေစီလိုလားတဲ့ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေအပါအဝင် NLD နဲ့ NUG တို့ပြောနေတဲ့ ဟန်ပြ၊ အတုအယောင်၊ အလိမ်အညာဆိုတဲ့ ရွေးကောက်ပွဲက ပျက်သွားမှာပါလား။ လုံးဝ(လုံးဝ)မဖြစ်နိုင်ပါ။
ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးကတော့ ဒါဟာ တက်တက်စင်အောင် လွဲချော်နေတဲ့အယူအဆလို့ ဝေဖန်ပါတယ်။
“ရွေးကောက်ပွဲက လုပ်မယ်ယူဆတယ်။ မအလအနေနဲ့ ပြန်လည်တည်ဆောက်ရေး အောင်မြင်တယ်ဆိုတာ ပြဖို့ မဖြစ်နိုင်၊ စီးပွားရေး နာလံထူအောင်လည်း မတတ်နိုင်ဘူး။ ရွေးကောက်ပွဲပဲ ထွက်လမ်းရှိတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ ရွေးကောက်ပွဲကို ဘယ်လိုလုပ်မှာပါလဲ။ စစ်ကောင်စီရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးမယ့် ရွေး/ကော်က စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲကာလကို ဖွင့်ဟလာပြီးနောက် ဒီဇင်ဘာလအတွင်းကျင်းပမယ်လို့ ထုတ်ပြောထားတာကလွဲရင် ရွေးကောက်ပွဲကို ဘယ်လိုလုပ်မယ်ဆိုတာမျိုး ထုတ်ပြောတာမျိုး အခုချိန်ထိ မရှိသေးပါဘူး။
လက်ရှိ ရွေး/ကော် ဥက္ကဋ္ဌ ဦးကိုကိုကတော့ ဒီဇင်ဘာလထဲကျင်းပမယ့်ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေနဲ့ မတူကွဲပြားမှုတွေရှိနေလို့ သတိပြုလုပ်ဆောင်ကြရမယ့်အကြောင်း မေလ ၉ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးအတွင်း ပြောကြားထားပါတယ်။
“အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ယခင်ကျင်းပမယ့်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ရွေးကောက်ပွဲကျင်းပရမယ့်အခြေအနေ၊ ဆောင်ရွက်ရမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ပိုမိုများပြားတယ်။ ကျင်းပမယ့် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲအချိန်ကာလ၊ မဲပေးရမယ့်ပုံစံများလည်း မတူညီဘူး” လို့ ဦးကိုကိုက ပြောပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ တစ်နိုင်ငံလုံးမှာ တော်လှန်ရေးအင်အားစုတွေဘက်က ၇၅ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက လေးပုံ တစ်ပုံပဲ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ မြန်မာနှစ်ဆန်းတစ်ရက်နေ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားထားပါတယ်။
ဒါကြောင့် စစ်ကောင်စီရွေးကောက်ပွဲဟာ မဖြစ်နိုင်ဘူးလို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ယူဆနေကြပုံရတယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။
NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အစဉ်ပြောကြားနေပေမဲ့ တားဆီးမယ့်အကြောင်းကိုတော့ တရားဝင်ထုတ်ပြောတာမျိုး မတွေ့ရသေးပါဘူး။ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ PDF တပ်ဖွဲ့တွေကတော့ ရွေးကောက်ပွဲအတွက် စီမံနေသူတွေကို သတိပေးပြောဆိုတဲ့ ထုတ်ပြန်ချက်မျိုးတွေတော့ ရှိနေပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ယူဆချက်နဲ့ အချက်အလက်တွေကို ပြည်သူတချို့နဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေက သံသယရှိနေကြပါတယ်။
“ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တောင် မြင်နိုင်ပါတယ်။ သူတို့သိမ်းပြီး ပြန်ပေးလိုက်ရတဲ့မြို့တွေ ပြန်မနုတ်ဘူးလား။ အညာမှာဆိုလည်း စကစက မြို့ပေါ် အုပ်ချုပ်တယ်။ တလရအဖွဲ့တွေက ရွာတွေဘက်မှာနေပြီး တိုက်ပွဲတွေဖော်ဆောင်ဖို့ကြိုးစားတယ်။ မြို့တွေကို တိုက်တယ်။ ခဏသိမ်းတယ်။ ထားခဲ့တယ်။ စကစက ပြန်သိမ်းတယ်။ ဒါမျိုးက သိမ်းပိုက်နယ်မြေလို့ ပြောလို့မရဘူး” လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။
သူ့လိုပဲ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း တူညီတဲ့အမြင်ရှိနေပါတယ်။
“NUG ဘက်က ပြောနေတာတော့ ၂၂ ရာခိုင်နှုန်းပဲ စကစ ထိန်းချုပ်နိုင်တယ်ဆိုတာ ဘယ်လိုအချက်အလက်တွေကို အခြေခံပြောနေတယ် မသိပါဘူး။ စကစရွေး/ကော်တို့ဘက်က သတင်းကတော့ သူတို့ထိန်းချုပ်နိုင်တာ မြို့ ၁၅၀ ကျော် ရှိတယ်။ သူဝင်၊ ကိုယ်ဝင် ကြားဖြစ်တဲ့မြို့က ၁၁၀ ကျော် ရှိတယ်။ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်တာ ၈၅ မြို့ပဲ ရှိတယ်” လို့ သူရရှိထားတဲ့ အချက်အလက်တွေကို ပြန်လည်ပြောပြပါတယ်။
ဒီတော့ ရွေးကောက်ပွဲကို စစ်ကောင်စီဘက်က ဘယ်လို လုပ်လာနိုင်သလဲဆိုတဲ့ မေးခွန်းကို ၈၈ မျိုးဆက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမြအေးကတော့ အခုလို ပြောပါတယ်။
“မြေပြင်အခြေအနေအရ တစ်နိုင်ငံလုံးလုပ်ဖို့မဖြစ်နိုင်ပါ။ အပိုင်းလိုက် အကန့်လိုက်လုပ်ရင်တော့ မပြောတတ်ပါ။ ဖြစ်သလို ဇွတ်လုပ်သွားမယ် ထင်ပါတယ်” လို့ ဝါရင့်နိုင်ငံရေးသမားကြီးက ပြောပါတယ်။
ပြည်တွင်းနဲ့ ပြည်ပရောက် နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ စောင့်ကြည့်သူတွေကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက သန်းခေါင်စာရင်း ကောက်ခဲ့တဲ့ပုံစံအတိုင်း ကျင်းပလာနိုင်တယ်လို့ ယူဆနေကြပါတယ်။
“မဲရုံတွေကို မြို့ပေါ်မှာလုပ်၊ ရွာတွေမှာ မထားတာလည်း ဖြစ်နိုင်တယ်။ သန်းခေါင်စာရင်း ကောက်ယူသလိုလည်း ဖြစ်နိုင်တယ်” လို့ နိုင်ငံရေးသုတေသီတစ်ဦးက သူ့ယူဆချက်ကို ပြောပါတယ်။
နောက်တစ်လမ်းကတော့ ရွေးကောက်ပွဲကျင်းပမယ့် ဒေသကို စစ်အင်အားနဲ့ ဝိုင်းပတ်ပိတ်ဆို့ပြီး လုပ်တဲ့နည်းပါ။
ဒီနည်းလမ်းတွေဟာ ပဋိပက္ခဒေသတွေမှာ ရွေးကောက်ပွဲကို စစ်ကောင်စီကျင်းပနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ အချုပ်ဆိုရရင် အဲဒီဒေသတွေမှာ စစ်ကောင်စီဟာ မဲရုံမဲ့စနစ်နဲ့ တစ်အိမ်တက်ဆင်း အဖွဲ့နဲ့ကောက်ခံတဲ့ပုံစံ လုပ်သွားဖွယ်ရှိနေပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာတော့ လုံခြုံရေးအပြည့်ချပြီး မဲရုံတွေထဲ မဲပေးရတဲ့ပုံစံ လုပ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
“မဲသွားမပေးရုံနဲ့ ရွေးကောက်ပွဲပျက်သလား”
စစ်တပ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ လက်ရှိရှိနေတဲ့ ရွေးကောက်ပွဲဥပဒေတွေ မဲပေးသူ ပမာဏဘယ်လောက်ရှိမှ ရွေးကောက်ပွဲအထမြောက်တယ်ဆိုတဲ့ သတ်မှတ်ပြဌာန်းချက်မျိုး ထည့်သွင်းရေးဆွဲမထားပါဘူး။
ဒါကြောင့် အနည်းငယ်သော လူတွေ မဲပေးရုံနဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။
“မြန်မာရွေးကောက်ပွဲ ဥပဒေမှာ အနိမ့်ဆုံး ဘယ်လောက်ရာခိုင်နှုန်းမဲပေးရမယ်ဆိုတာ မရှိဘူး။ ၅၀ ရာခိုင်နှုန်း လာဖို့ မလိုဘူး။ ၁၀ ရာခိုင်နှုန်း လာလည်း အထမြောက်တယ်” လို့ အထက်ပါနိုင်ငံရေး သုတေသီက ထောက်ပြပြောဆိုပါတယ်။
တဖန် စစ်ကောင်စီဟာ အရင်ရွေးကောက်ပွဲတွေလို နိုင်သူအကုန်ယူစနစ်(FPTP)နဲ့ကျင်းပမှာမဟုတ်ဘဲ အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ကျင်းပမှာဖြစ်ပါတယ်။ ဒီစနစ်အရ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာရရှိတဲ့ မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်မှာ အချိုးကျခွဲဝေယူရမယ်လို့ နားလည်ရပါတယ်။
“ဒီစနစ်ကိုတော့ နားမလည်ပါဘူး။ ကျွန်မတို့က မဲသွားမပေးရင် ရွေးကောက်ပွဲမဖြစ်ဘူးလို့ထင်နေတာ။ အဲဒါဆိုတော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ပေးဖို့က ဆန္ဒကိုမရှိတာပါ။ ပြီးတော့ အခုထက်ထိ ဘယ်ပါတီတွေက ဘယ်လိုပြိုင်ကြမယ်ဆိုတာလည်း မသိပါဘူး” လို့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နေ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လွှတ်တော် ဘယ်လိုကျင်းပပြီး အစိုးရဖွဲ့သွားနိုင်လဲ”
မြန်မာ့လွှတ်တော်ဖွဲ့စည်းပုံမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ဆိုပြီး လွှတ်တော်သုံးရပ်ရှိနေပါတယ်။ အဲဒီနောက် တိုင်းနဲ့ ပြည်နယ်တွေမှာလည်း လွှတ်တော်အသီးသီးရှိနေကြပါတယ်။
အမျိုးသားလွှတ်တော်မှာ အမတ် ၂၂၄ ဦးနဲ့ ပြည်သူ့လွှတ်တော်မှာ အမတ် ၄၄၀ ဦးဆိုပြီး စုစုပေါင်း ၆၆၄ ဦးဟာ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်ကြပါတယ်။
စစ်ကောင်စီအတွက် လွှတ်တော်ခေါ်ယူကျင်းပနိုင်ဖို့ ၂၀၀၈ ခြေ/ဥအရ စစ်တပ်က အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့မှာ ၂၅ ရာခိုင်နှုန်းစီ၊ တပ်လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးက အလိုလျောက်နေရာယူထားနှင့်ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲဝင်ပါတီတွေဘက်က လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကျော်သာရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်သွားမှာဖြစ်တဲ့အတွက် လွှတ်တော်လည်း ခေါ်နိုင်မှာဖြစ်ပါတယ်။
လွှတ်တော်ခေါ်ယူကျင်းပနိုင်ပါက အစိုးရလည်း အလွယ်တကူဖွဲ့သွားနိုင်မှာ ဖြစ်ပါတယ်။
“ဒါဆိုရင် နိုင်ငံတချို့က အသိအမှတ်ပြုလာကြလောက်တယ်။ အခုတောင် တရုတ်နဲ့ ရုရှားက ခုနေတော့ သူတို့နဲ့ မဟာမိတ်နိုင်ငံတချို့က စကစဘက်ပါချင်ချင်ဖြစ်နေပြီ။ ရွေးကောက်ပွဲသာ ဖြစ်မြောက်သွားရင် မလွယ်ဘူး။ စိုးရိမ်စရာတော့ ကောင်းတယ်” လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်ပြီး စိတ်ဝင်တစားရှိသူ ရန်ကုန်မြို့နေ အသက် ၄၀ ခန့်ရှိအမျိုးသားတစ်ဦးက ပြောပါတယ်။
“သမ္မတ ဘယ်လိုရွေး”
ပြည်ထောင်စုလွှတ်တော်ထံ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ် စတဲ့ သုံးနေရာကနေ ဒု-သမ္မတတစ်ဦးစီ နာမည်တင်သွင်းရပါတယ်။
အဲဒီနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ သမ္မတ၊ ဒုသမ္မတ ၁ နဲ့ ၂ တို့ကို ပြန်လည်ရွေးချယ်ပါတယ်။
“စစ်ခေါင်းဆောင် ခြေလှမ်း”
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မဲဆွယ်စည်းရုံးမှုဆန်ဆန် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ဖူးပါတယ်။
အဲဒီနှစ်အတွင်း နှစ်တစ်ရာကျော်သက်တမ်းရှိပြီး လက်ရှိအချိန်ထိ စစ်ခေါင်းဆောင်ကို ထောက်ခံနေတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အပါအဝင် ခရစ်ယာန်၊ အစ္စလာမ်တို့အပါအဝင် ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ လိုက်လံတွေ့ဆုံတာ၊ ဗလီနဲ့ ဘုရားကျောင်းတွေကို သွားရောက်တာတွေအပြင် လူထုနဲ့ အနီးကပ်တွေ့ဆုံ၊ ဟောပြောတာမျိုးတွေအထိ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး လွှတ်တော်မခေါ်ယူမီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကိုတွေ့ဆုံပြီး သူ့ကို သမ္မတအဖြစ် တင်မြှောက်ဖို့ ကာ/ချုပ် မင်းအောင်လှိုင်က ပြောကြားခဲ့ဖူးပေမဲ့ NLD ဘက်က လက်မခံတဲ့အတွက် မဲလိမ်တယ်ဆိုကာ အာဏာသိမ်းခဲ့တာလို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောကြားချက်ကိုကိုးကားပြီး လွတ်လပ်တဲ့မီဒီယာတွေက စစ်အာဏာသိမ်းပြီးနောက် ရေးသားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
အခုတော့ စစ်ခေါင်းဆောင်ရဲ့ အခြေအနေက ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်တွေကလို မဟုတ်တော့ပါဘူး။ ရွေးကောက်ပွဲအထမြောက်ဖို့ပဲ လိုပါတယ်။ သူလှမ်းမယ့် သမ္မတခြေလှမ်းကို ဘယ်လိုညှိနှိုင်းတောင်းဆိုမှုမျိုးမှ မလုပ်ဘဲ အလွယ်တကူ ရယူသွားနိုင်မယ့်အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။
သူ့ရဲ့လိုအင်ကို ဖြည့်ဆည်းဖို့အတွက် နည်းလမ်းနှစ်သွယ်ရှိနေပါတယ်။
တစ်နည်းက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ကနေ သမ္မတအဖြစ် ရွေးကောက်ခံခြင်းပါ။ ဒုတိယကတော့ လွှတ်တော်အတွင်းမှာ စစ်တပ်ကတစ်ဆင့် ဒုသမ္မတအဖြစ် တင်သွင်းတာကနေ သမ္မတနေရာရယူခြင်းပါပဲ။
အားလုံးကတော့ ပထမတစ်နည်းကို ပယ်ချပြီး ဒုတိယနည်းကိုပဲ လက်ညှိုးညွှန်ကြပါတယ်။
ဒီတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် သူ့ရဲ့ အန္တိမခြေလှမ်းကို လှမ်းကိုင်မကိုင်ဆိုတာ မနှေးမကြာခင်မှာ တွေ့လာရပါတော့မယ်။
နိုင်ငံရေးသုတေသီလည်းဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှာ ရာထူးကြီးရယူထားသူ အမျိုးသားတစ်ဦးကတော့ စစ်ခေါင်းဆောင်ရဲ့ အနာဂတ်ခြေလှမ်းအကြောင်း အခုလို ပြောပါတယ်။
“သူ့မှာ သမ္မတ အိပ်မက်ရှိတယ်လို့ ယူဆတယ်။ အခုချိန်မှာ (ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး)ကျော်စွာလင်းက အားနည်းသေးတယ်။ အချိန် ၂ နှစ်ခွဲလောက် အာဏာတည်ဆောက်ရဦးမယ်။ ဒါကြောင့် သူ့အနေနဲ့ သမ္မတလည်း လုပ်၊ စစ်တပ်ကိုလည်း ခေါင်းကိုင်ထားဖို့များတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းအတွက် ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးလို့ အယူအဆတွေလည်းရှိနေကြပါတယ်။