ငလျင်အပြီး တစ်လတာမှာ စစ်ကောင်စီ ဘာတွေ လုပ်ခဲ့လဲ ?

Author မင်းသူဝင်းထွဋ်၊ အဂ္ဂ
Categories
Published on May 02, 2025

နှစ်ပေါင်း (၁၈၆) နှစ်အတွင်း အဆိုးဝါးဆုံး ငလျင်လှုပ်ခတ်မှုဖြစ်သည့် ၂၀၂၅ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်အချိန် ဝန်းကျင်တွင် စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်နှင့် လှုပ်ခတ်ခဲ့သည့် ငလျင်သည်  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ် အပါအဝင် နိုင်ငံ၏ နေရာ အနှံ့အပြားတွင် ထိခိုက်မှုများစွာ ရှိခဲ့သည်။

 

စစ်ကောင်စီသည် ထိုနေ့မှာပင် ငလျင်ဒဏ် ကြီးကြီးမားမားခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနှင့် ပဲခူးတိုင်းများက ငလျင်ဒဏ်သင့် ဒေသများကို အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ 

 

အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာကို အကူအညီပေးဖို့ တရားဝင်တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုပြီးသည့် နောက်မှစ၍ စစ်ကောင်စီအစိုးရအဖွဲ့သည် စစ်ကိုင်းငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာနှင့် ပိုမိုထိတွေ့ ဆက်ဆံဖို့ တောက်လျှောက်ကြိုးပမ်းခဲ့သည်ကိုလည်း စစ်ကောင်စီ၏ လက်အောက်ခံ သတင်းစာများ၏ ဖော်ပြချက်များ အရ လေ့လာတွေ့ရှိရပါသည်။ 

 

အပိုင်း(၁) 

 

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု

 

ဧပြီလ ၂၄ ရက်နေ့ထိ ငလျင်ကြောင့် ထိခိုက်သေဆုံးရသူ (၃၇၆၃) ဦး၊ ဒဏ်ရာရရှိသူ (၅၁၀၇) ဦး၊ ပျောက်ဆုံးနေသူ (၁၁၀) ဦးရှိပြီး လူနေအိမ် (၆၃၅၈၄) လုံး၊ စာသင်ကျောင်း (၆၇၅၂) ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း (၅၄၇၄) ကျောင်း၊ စေတီပုထိုး (၅၃၄၂) ဆူ၊ ဘာသာရေးအဆောက်အဦ (၆၁၃) လုံး၊ ဆေးရုံ ဆေးခန်း (၅၇၆) လုံး၊ ရထားလမ်း (၅၆)ခု၊ လမ်းပိုင်း (၂၇၁)ခု၊ အမြန်လမ်းပိုင်း (၁၉၈)ခု၊ ဆည်/တမံ (၅၈၆) ခု၊ တံတား (၁၇၂) စင်း၊ ထရန်စဖော်မာ (၃၅၃)လုံး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

 

စစ်ကောင်စီထံ အလှူစီးဆင်းမှု

 

စစ်ကောင်စီထံ အလှူငွေများ စီးဆင်းမှုအဖြစ် ဧပြီလ ၂၄ရက်နေ့ထိ ကျပ်ငွေ (၁၁၅၈၇၆) ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ (၂ဒသမ၄၃၇) သန်းကျော်၊ ကိုရီးယားဝမ် (၅)သန်း၊ အိန္ဒိယရူပီး (၁၅) သန်း၊ ထိုင်းဘတ် (၂) သန်းကျော်နှင့် စင်္ကာပူဒေါ်လာ (၃၁၅၀) လက်ခံရရှိထားကြောင်း စစ်ကောင်စီ၏ သတင်းမှတ်တမ်းများအရ သိရသည်။

 

ထို့အပြင် ငလျင်ဒဏ်သင့်ပြည်သူများကို ထောက်ပံ့နိုင်ရန်အတွက်ဆိုကာ နိုင်ငံတကာမှ ထောက်ပံ့ရေး ပစ္စည်းတန်ချိန် (၂၆၃၅ဒသမ၉၂)တန်၊ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် (၁၁၉၇) တန်ကို ဧပြီလ ၂၄ရက်နေ့ထိ ပေးပို့လှူဒါန်းထားကြောင်း စစ်ကောင်စီ၏ သတင်းမှတ်တမ်းများအရ သိရသည်။

 

ငလျင်ကပ်ဘေးချိန် စစ်ကောင်စီ ဘာလုပ်နေခဲ့လဲ

 

စစ်ကောင်စီလက်အောက်ခံ သတင်းစာများ၏ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ တစ်လတာ ဖော်ပြချက်များကို‌ လေ့လာချက်များအရ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငလျင်ကို အကြောင်းပြကာ တစ်လတာအတွင်းတွင် အိန္ဒိယ၊ ပါကစ္စတန်၊ မလေးရှား၊ နီပေါ၊ ထိုင်း စသည့် နိုင်ငံများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သလို ထိုင်းနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် ဒေသဆိုင်ရာ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ၏ ခြောက်ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ ၄ ရက်နေ့တွင် လူကိုယ်တိုင် တက်ရောက်ခွင့်ရသည်အထိ နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည်။ 

 

စစ်ကောင်စီခေါင်းဆောင်သည် BIMSTEC အစည်းအဝေးတက်ရောက်ဖို့သွားရင်း အစည်းအဝေးသာမက BIMSTEC အဖွဲ့ဝင် နိုင်ငံများထဲမှ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ ဘူတန် နိုင်ငံတို့၏ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံခဲ့သလို BIMSTEC အတွင်းရေးမှူးချုပ်နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ကိုလည်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဖော်ပြချက်များအရ တွေ့ရသည်။ အစည်းအဝေးပြီးသည့် ဧပြီလ ၄ ရက်နေ့ညပိုင်းမှာပင် မြန်မာနိုင်ငံကိုပြန်လာခဲ့သော်လည်း နောက်တစ်ရက်တွင်ပင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများကို နေပြည်တော်တွင် လက်ခံတွေ့ဆုံပြီး နိုင်ငံတကာ ဆက်ဆံရေး အရှိန်ကို ဆက်လက်ထိန်းထားသည်ကိုလည်း တွေ့မြင်ရသည်။ 

 

ထို့ပြင် ဧပြီလ ၁၇ ရက်နေ့တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာအန်ဝါ အီဘရာဟင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သီးသန့်တွေ့ဆုံကာ ငလျင်အတွက် ကူညီကယ်ဆယ်ရေးများ အပြင် မြန်မာ့အရေးအတွက် အာဆီယံနှင့် မြန်မာတို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။ 

 

အာဏာသိမ်း စစ်ခေါင်းဆောင်သည် နိုင်ငံတကာနှင့် ဆက်ဆံရေးကို အဓိကထား ဆောင်ရွက်နေသည်မှာ ငလျင်လှုပ်ခတ်ခဲ့သည့် နေ့မှ စတင်ကာ ဧပြီ ၂၈ရက်နေ့ထိ ငလျင်ဒဏ်သင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုမှာ (၂၅) ကြိမ်ရှိခဲ့သော်လည်း  စစ်ဘက်ဆိုင်ရာ နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှုသည် (၁၀) ကြိမ်ရှိခဲ့ပြီး နိုင်ငံတကာ သံတမန်များ နိုင်ငံတကာ အစိုးရအဖွဲ့များနှင့် တွေ့ဆုံမှုသည် (၁၈) ကြိမ်ထိ ရှိခဲ့သည်။

 

စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ငလျင်ဒဏ်သင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုမှာ (၁၁)ကြိမ်ရှိခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ၎င်းတို့ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှုသည် (၉)ကြိမ် ရှိခဲ့ပြီး နိုင်ငံတကာ သံတမန်များ နိုင်ငံတကာ အစိုးရအဖွဲ့များနှင့် တွေ့ဆုံမှုသည် (၅)ကြိမ် ရှိခဲ့သည်။

 

ငလျင်ဘေးပြည်သူတွေကို တကယ်ကူညီခဲ့သလား

 

ငလျင်လှုပ်ခတ်မှုအပြီး စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့အပေါ် မေးခွန်းထုတ်စရာ အများအပြားရှိခဲ့သည်။ သဘာဝဘေး ကြုံတွေ့ရချိန်တွင် အရေးပါဆုံးဖြစ်နေသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်သူလူထုနှင့် ထိတွေ့မှုမှာ (၃)ကြိမ်သာ ရှိခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၈)ကြိမ်ရှိခဲ့သည်။ ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက်တွေ့ဆုံ ကူညီမှု (၃)ကြိမ်သာ လုပ်ဆောင်ခဲ့သည့် အထက်ပါ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာ သံတမန်များ နိုင်ငံတကာအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်မူ (၄)ကြိမ် တွေ့ဆုံခဲ့သည်။

 

အလားတူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ပြည်သူလူထုနှင့် တွေ့ဆုံမှု လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံမှုကိုသာ (၅)ကြိမ် လုပ်ဆောင်ခဲ့သည်။

 

သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ဦးသန်းဆွေသည် နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုသည် (၂၂)ကြိမ်ထိ ရှိခဲ့သည်။ ၎င်း လက်အောက်ခံ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှု (၅)ကြိမ် လုပ်ဆောင်ခဲ့သည်။

 

ထို့ပြင် စစ်ကောင်စီခေါင်းဆောင်သည် သူ၏ အစိုးရအဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ဟူသောအမည်ဖြင့် ဝန်ကြီးဌာန (၁) (၂) (၃) နှင့် (၄) ဟူသော အမည်များဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများခန့်အပ်ထားသော်လည်း ငလျင်လှုပ်ခတ်ပြီးနောက် တစ်လတာ အတွင်းတွင် အဆိုပါ လေးဌာနထဲမှ ဌာန (၁) နှင့် (၂) တို့၏ ပြည်ထောင်စု ဝန်ကြီးများသာ လှုပ်ရှားဆောင်ရွက်မှုများရှိပြီး ဝန်ကြီးဌာန (၃) နှင့် (၄) တို့၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့မှာ တစ်လတာအတွင်း လုံးဝ လှုပ်ရှားဆောင်ရွက်ခြင်းများ မရှိသည်ကိုလည်း တွေ့ရသည်။

 

ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၃၇၂) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၈၇)ကြိမ်သာ လုပ်ခဲ့သည်။

 

အထက်ဖော်ပြပါ အချက်အလက်များသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာများပါ အချက်အလက်များနှင့် MRTV တွင် ဖော်ပြလာသည့် အချက်အလက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုကိုသာ ပြည်သူလူထု မသိစေရန် လျှို့ဝှက်ဆောင်ရွက်သော်လည်း ပြည်သူလူထုနှင့် တွေ့ဆုံခြင်းများကို မခြွင်းမချန်ဖော်ပြလေ့ရှိသည်။ ထို့ကြောင့် ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုကို တွေ့ဆုံမှုသည် (၈၈)ကြိမ်သာ ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတကာနှင့်တွေ့ဆုံမှု စစ်ဘက်နှင့်ဌာနဆိုင်ရာများကို တွေ့ဆုံမှုသည် လက်ရှိဖော်ပြပါ အချက်အလက်များထက် ပိုမိုများပြားနိုင်သည်။

 

လေ့လာတွေ့ရှိချက်

 

မတ်လ (၂၈)ရက်နေ့က ဖြစ်ပွားသည့် ငလျင်သည် ပြည်သူများနေထိုင်ရာ ဒေသများကို သက်ရောက်မှုရှိခဲ့ခြင်းသာ မက၊ စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကိုလည်း ထိရောက်မှု ပြင်းထန်ခဲ့သည်။ စစ်ကောင်စီသည် ငလျင်ကြောင့် ပြည်သူများ အတိဒုက္ခရောက်နေသည်ကို အမှုမထားမှုသည် လက်ရှိစိစစ်တွေ့ရှိရသည့် ပြည်သူလူထုနှင့်တွေ့ဆုံမှုမှတ်တမ်းများက အခြေပြနေသည်။ ထို့အပြင် ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာနှင့် ကူးလူးဆက်သွယ်မှုကိုသာ စစ်ကောင်စီအနေဖြင့် အလေးနက်ထား လုပ်ဆောင်နေကြောင်းလည်း စိစစ်တွေ့ရှိချက်အရ သိနိုင်သည်။

 

* စစ်ကောင်စီ အစိုးရအဖွဲ့၏ တစ်လတာလှုပ်ရှားမှုများကို  ပုံ(၁) (၂) (၃) (၄)  တို့ တွင် ကြည့်ရှုနိုင်သည်။ 

ပုံ(၁) စစ်ကောင်စီ အစိုးရအဖွဲ့၏ တစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ် (စစ်ဘက်/ ဌာနဆိုင်ရာသည် စစ်ဘက်ရေးရာ တာဝန်များ သို့မဟုတ် တာဝန်ယူထားသည့် ဌာနဆိုင်ရာ လုပ်ငန်းဆောင်တာ များကို ရည်ညွှန်းပါသည်။ ပြည်သူလူထုသည် ဌာနဆိုင်ရာမဟုတ်သည့် အများပြည်သူ လူထုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆိုလိုပါသည်။ နိုင်ငံတကာသည် အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများကို ဆိုလိုပါသည်။) 

ကိုးကား- မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာ၊  MRTV၊ Wikipedia 

ပုံ(၂) စစ်ကောင်စီ အစိုးရအဖွဲ့၏ တစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ် 

ပုံ(၃) စစ်ကောင်စီ အစိုးရအဖွဲ့၏ တစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ်

ပုံ(၄) စစ်ကောင်စီ အစိုးရအဖွဲ့၏ တစ်လတာလှုပ်ရှားမှုများ အနှစ်ချုပ်

 

အပိုင်း(၂)

 

ပြည်သူကို မကူဘဲ စစ်ကောင်စီ ဘာလုပ်နေလဲ

 

စစ်ကောင်စီအစိုးရအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အာဏာသိမ်း ခေါင်းဆောင် နိုင်ငံတကာ ခြေဆန့်နိုင်မည့်အရေး အလုပ်ရှုပ်နေစဉ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူကာ ငလျင်ကူညီကယ်ဆယ်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ 

 

တစ်လတာအတွင်း နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများတွင်လည်း ငလျင်ကူညီကယ်ဆယ်ရေးနှင့် သက်ဆိုင်သည့် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံခြင်းများအပြင် ကုလသမဂ္ဂ (UN) လက်အောက်ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က ညွှန်မှူးတို့နှင့် တွေ့ဆုံခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။ 

 

ငလျင်ဒဏ်သင့်ပြီးနောက် ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာနှင့် စစ်ကောင်စီတို့ ထိတွေ့ဆက်ဆံခွင့် ရရန် ကြိုးပမ်းမှုတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနသည် တစ်လတာအတွင်းတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ၊ UN ၏ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့်  UNOCHA အဖွဲ့အစည်းများအပြင် UN နှင့် ဆက်နွှယ်နေသော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းမှုအဖွဲ့ (IOM) အပါအဝင် အခြားသော အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO အချို့ တို့နှင့်လည်း ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်။ 

 

မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီသည် စစ်ကိုင်းငလျင်ဖြစ်ပွားပြီးသည့်နောက်တွင် ငလျင်ကို အကြောင်းပြုကာ ယခင်က အာဏာသိမ်း စစ်အုပ်စုကို ဖယ်ကြဉ်ထားသည့် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ ဆက်ဆံနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို ထင်ရှားစွာ တွေ့မြင်ရပါသည်။ စစ်အုပ်စု ဆက်လက်တည်မြဲရေးအတွက် အခြားအရေးကြီးသော အပိုင်းဖြစ်သည့် စစ်ရေးတွင်လည်း ငလျင်ကို အကြောင်းပြုကာ အသာစီးရရန် ကြိုးပမ်းနေသည်ကိုလည်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရပါသည်။

 

စစ်ကောင်စီ၏ အယောင်ဆောင် အပစ်ရပ် ကြေညာချက်

 

မတ်လ ၂၈ ရက်နေ့တွင် ငလျင်ကြီး လှုပ်ခတ်ပြီးသည့်နောက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့က ငလျင်ဒဏ်သင့် ပြည်သူများကို တတ်နိုင်သမျှ အမြန်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဟု မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။   အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကမူ ငလျင်ဒဏ်သင့် ဒေသများတွင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်တာကို ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်နေ့မှာပင် ထုတ်ပြန်ကြေညာခဲ့သည်။ 

 

သို့သော် ငလျင်ဒဏ်သင့် ဒေသများအတွက် တာဝန်အရှိဆုံးဖြစ်သည့် အာဏာသိမ်း စစ်ကောင်စီကမူ ငလျင်လှုပ်ခတ်ပြီး ခြောက်ရက်အကြာ ဧပြီလ ၂ ရက်နေ့တွင်မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

 

စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထွက်လာပြီး မကြာခင်မှာပင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ဧပြီ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့အထိကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။ 

 

စစ်ကောင်စီ၏ ယာယီအပစ်ခတ်ရပ်စဲမှုသည် ချွင်းချက်များစွာ ပါဝင်နေသဖြင့် ဝေဖန်မှုများ မြင့်တက်ခဲ့သလို တကယ့်မြေပြင် အခြေအနေတွင်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကာ နိုင်ငံတဝန်းတွင် လေကြောင်း၊ လက်နက်ကြီးများအပြင် မြေပြင် ထိုးစစ်ဆင်ခြင်းများကိုပါ ပြုလုပ်နေသည်ကို ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။ စစ်ကောင်စီသည် ဧပြီ ၂၂ ရက်နေ့ ရောက်သည့်အခါတွင်လည်း ယာယီအပစ်ခတ်ရပ်စဲမှုကို ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးခဲ့ပါသည်။ ထိုသို့ ယာယီအပစ်ခတ်ရပ်စဲမှုကို သက်တမ်းတိုးခဲ့သော်လည်း နိုင်ငံတဝန်းတွင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ကို ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။ 

 

ထို့ကြောင့် ဒေသတွင်း သတင်းဌာနများထဲမှ Myanmar Now, DVB, Khit Thit နှင့် The Irrawaddy စသည့် သတင်းဌာနလေးခုတို့၏ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ ဖော်ပြချက်များ ထဲက လေကြောင်းတိုက်ခိုက်မှုများကို စာရင်းပြုစုကြည့်ရာ ငလျင်စတင်လှုပ်ခတ်ပြီးချိန်မှ စတင်ပြီး ဧပြီလ ၂၈ ရက်နေ့အထိ တစ်လတာ ကာလအတွင်းတွင် စစ်ကောင်စီသည် နေ့စဉ်မပျက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 

 

စစ်ကောင်စီသည် ငလျင်လှုပ်ခတ်ပြီးသည့်နောက် တစ်လတာအတွင်း နိုင်ငံတဝန်း၌ လေကြောင်းမှ တိုက်ခိုက်မှုပေါင်း (၄၅၉) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ ထို (၄၅၉) ကြိမ်သည် လေယာဉ်၊ စက်တပ်လေထီးနှင့် ဒရုန်းများအသုံးပြုကာ တိုက်ခိုက်မှုများကို စာရင်းသွင်းထားခြင်း ဖြစ်ပြီး အချို့တိုက်ခိုက်မှုများတွင် အကြိမ်ရေ အတိအကျ မသိနိုင်သဖြင့် တစ်ကြိမ်အဖြစ်သာ စာရင်းသွင်းထားသောကြောင့် တကယ့်မြေပြင်တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းသည် ယခုလက်ရှိ စာရင်းထက် များစွာသာလွန်နိုင်သည်။ 

 

* စစ်ကောင်စီ၏ တစ်လတာအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်အလိုက် လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ရေများကို အောက်ပါပုံ (၅) တွင် ကြည့်ရှုနိုင်ပါသည်။ 

ပုံ(၅) စစ်ကောင်စီ၏ တစ်လတာအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရမှု အချက်အလက်ပြမြေပုံ၊ ရန်ကုန်တိုင်းမှ လွဲ၍ ကျန် တိုင်းနဲ့ ပြည်နယ် (၁၃) ခုတွင် နေ့စဉ်မပျက် လေကြောင်းမှ တိုက်ခိုက်နေခဲ့သည်ကို တွေ့ရသည်။ 

 

ငလျင်လှုပ်ခတ်ပြီးနောက် တစ်လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်းတွင် လူပေါင်း (၂၃၆) ဦးသေဆုံးကာ (၄၁၉) ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများသည် အချို့သော တိုက်ခိုက်မှုများတွင် စာရင်းအတိအကျ မရနိုင်သဖြင့် တကယ့်မြေပြင် အခြေအနေသည် ယခုဖော်ပြပါ စာရင်းထက် ပိုများနိုင်ပါသည်။ 

 

* စစ်ကောင်စီ၏ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် တိုင်းနဲ့ပြည်နယ်အလိုက် သေဆုံးမှုစာရင်းကို ပုံ (၆) တွင် ကြည့်ရှုနိုင်ပါသည်။ 

ပုံ(၆) မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးမှု အရေအတွက်ပြ ပုံ

နိဂုံး

 

စစ်ကောင်စီသည် ပြည်သူလူထု ငလျင်ဘေးကြောင့် သောကရောက်နေချိန်တွင် ၎င်းတို့ နိုင်ငံတကာတွင် ဝင်ဆံ့ရေးကိုသာ ဦးတည်လှုပ်ရှားခဲ့မှုကို ၎င်းတို့ လုပ်ဆောင်ချက် ဆောင်ရွက်မှုမှတ်တမ်းများဖြစ်သည့် ပုံ(၁)၊ ပုံ(၂)၊ ပုံ(၃)၊ ပုံ(၄) ပါ အချက်အလက်များအရ သိရှိနိုင်သည်။ ပြည်သူလူထုနှင့် တွေ့ဆုံမှုကို စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီအစိုးရအဖွဲ့သည် ငလျင်ကြောင့် အပစ်ခတ်ရပ်စဲပါတယ်ဟု ကြေညာထားသော်လည်း ပြည်သူလူထုနေထိုင်ရာ ဒေသများကို လေကြောင်းမှ တိုက်ခိုက်မှု (၄၅၉)ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။ ငလျင်ကြောင့် ပြည်သူများ အသက်ဆုံးပါးမှုသည် ၎င်းတို့ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဧပြီလ (၂၄) ရက်နေ့အထိ (၃၇၆၃) ဦးရှိခဲ့သည်။ ငလျင်အပြီး တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အသက်ဆုံးပါးခဲ့ရမှုသည် (၂၃၆) ဦးသေဆုံးကာ (၄၁၉) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

 

ကောက်ချက်

 

အချုပ်အားဖြင့် ဆိုရလျှင် စစ်ကောင်စီသည် နှစ်ပေါင်း (၁၈၆)နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့သည့် ငလျင်ဘေးကို ဂရုမထား ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာဝင်ဆံ့မှုကိုသာ ဦးတည်လှုပ်ရှားနေခဲ့ပြီး နိုင်ငံတကာမှာ အမည်ရရေးအတွက် အပစ်ရပ်သည်ဟု အကြောင်းပြုသော်လည်း လေကြောင်းတိုက်ခိုက်မှုများအပြင် ပြည်သူကို ခြိမ်းခြောက်ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုကိုသာ လုပ်ဆောင်လျက်ရှိနေခဲ့သည်။

 

အစီရင်ခံစာအပြည့်အစုံကို ရယူရန် >>>> Link