နောင်ချိုမြို့စွန် ရပ်ကွက်ထဲ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာနေ

Author CJ Platform
Categories
Published on Jul 14, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး မနေ့ ဇူလိုင် ၁၃ ရက်မှာ မြို့အစွန် ရပ်ကွက်တွေထဲထိ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာနေပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

နောင်ချိုမြို့အနီး ရွှေပြည်ညွန့်၊ ပန်းလန်း၊ ကုန်စံ ကျေးရွာတွေမှာလည်း မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်ခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) ကလည်း မနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

“နောင်ချိုက အခြေအနေ မကောင်းဘူး။ မြို့စွန်ရပ်ကွက်တွေထဲထိ စကစတွေက ဝင်လာနေပြီ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာမှုအခြေအနေနဲ့ ပတ်သက်ပြီး PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း နောင်ချိုမြို့ တောင်ရပ်ကွက်တွေထဲထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေပြီလို့ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

 

နောင်ချိုမြို့တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီက ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တို့ကို မနေ့ ဇူလိုင် ၁၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ဓာတ်ပုံ – TNLA