ဖားကန့်က စစ်ကောင်စီရဲ့ လက်နက်သိုလှောင်ရုံ လက်နက်ကြီးထိပြီး ပေါက်ကွဲ

ကချင်ပြည် ဖားကန့်မြို့နယ် အမှိုက်ပုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်သိုလှောင်ရုံကို ဇူလိုင် ၁၁ရက်နေ့က လက်နက်ကြီး ကျရောက်ပြီး ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမှိုက်ပုံကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက် ၁၀ဦးထက်မနည်း သေဆုံးပြီးနောက် ကျောက်လုပ်ကွက်တွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ဒီနေ့ မနက်ရယ်၊ နေ့ခင်းရယ် အမှိုက်ပုံမှာ ပြန်တိုက်နေကြတယ်ဗျ။ လက်ရှိတော့ စကစတွေ အထိနာတဲ့အခြေအနေမှာရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဒီနေ့ ညနေမှာ CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီက ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပြန်လည် ထိုးစစ်ဆင်ဝင်ရောက်လာခဲ့ပြီး ကျောက်လုပ်ကွက်တွေကို မီးရှို့တာ၊ ငွေကြေး တောင်းခံတာ ပြုလုပ်တာအပြင် ဒေသခံ ကျေးရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ထားတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီ လက်လွတ်ခဲ့ရတဲ့ ဖားကန့်က အမြင့်ဆုံးတောင်ဖြစ်တဲ့ လမောင်ကုန်းကို ပြန်ရဖို့ စစ်ကောင်စီက ကြိုးစားနေတာဖြစ်ပြီး၊ ဖားကန့်ဗျူဟာကုန်းရဲ့ မြောက်ဘက်ခြမ်းတစ်ခြမ်းလုံးရှိ မော်မောင်းကုန်း၊ လမောင်ကုန်း၊ မော်မောင်းလျှံ၊ ရှရော်ခ၊ အမှိုက်ပုံ၊ အင်မားယန်၊ မရောင်၊ ကုလားမှော်၊ မက်လင်ချောင် စတဲ့ နယ်မြေအကုန် ထိန်းချုပ်ချင်နေတာဖြစ်တယ်လို့ ဖားကန့်စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဓာတ်ပုံ – KPDF