ဆန္ဒပြသူတွေရဲ့ ခြေထောက်ကို ပစ်ဖို့ ကင်ညာသမ္မတ အမိန့်ပေး

Author CJ Platform
Categories
Published on Jul 10, 2025

ကင်ညာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သမ္မတ ဝီလီယံ ရူတိုက အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးတဲ့ ဆန္ဒပြသူတွေရဲ့ ခြေထောက်ကို ပစ်ဖို့ အမိန့်ပေးလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။

 

နေထိုင်စားသောက်စရိတ်တွေ မြင့်တက်နေတာ၊ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို မကျေနပ်လို့ ဖြစ်နေတဲ့ ဒီဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး သမ္မတ ရူတိုက “လူကိုတော့ သေအောင် မပစ်ရဘူး၊ ဒါပေမဲ့ သူတို့ ခြေထောက်ကျိုးသွားအောင်တော့ ပစ်ရမယ်” လို့ တိုက်ရိုက် ပြောခဲ့ပါတယ်။

 

အခု ဆန္ဒပြပွဲတွေကိုတော့ လူမှုကွန်ရက်တွေကနေတဆင့် စည်းရုံးလှုံ့ဆော်နေကြတဲ့ ကင်ညာ လူငယ်တွေက အဓိက ဦးဆောင်နေတာလို့ ဆိုပါတယ်။

နိုင်ငံရေးဘလော့ဂါတစ်ယောက် ရဲအချုပ်ထဲမှာ သေဆုံးခဲ့ပြီးနောက်ပိုင်းမှာ ဒီဆန္ဒပြမှုတွေက ပြန်ပြီး အားကောင်းလာခဲ့တာပါ။

ဆန္ဒပြသူတွေက ရူတိုအစိုးရဟာ လူ့အခွင့်အရေး ကာကွယ်ဖို့နဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေကို အဆုံးသတ်ဖို့ ပေးထားတဲ့ကတိတွေကို ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။

 

ကင်ညာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ကတော့ ဆန္ဒပြပွဲတွေအတွင်းမှာ ရာဇဝတ်ဂိုဏ်းတွေဟာ ရဲတွေနဲ့အတူ ပူးပေါင်း ပါဝင်နေပုံရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သမ္မတ ရူတိုကတော့ အခုလို တိုက်ခိုက်သူတွေကို “အကြမ်းဖက်သမားတွေ” လို့ သုံးနှုန်းလိုက်ပြီး သူတို့ရဲ့ လုပ်ရပ်ဟာ “စစ်ကြေညာတာ” ပဲလို့ ပြောခဲ့ပါတယ်။

 

လက်ရှိမှာတော့ အတိုက်အခံတွေဘက်က အစိုးရအပေါ် ဆက်ပြီး ဖိအားပေးသွားမယ်လို့ ပြောထားတဲ့အတွက် နိုင်ငံရေးအခြေအနေက တင်းမာနေဆဲပဲ ဖြစ်ပါတယ်။

 

Source – Reuters

 

ဓာတ်ပုံ – The Guardian