ရေစကြို ကမ္ဘောဇဘဏ်ကနေ ငွေကျပ်သိန်း ၁၀၀ ထုတ်လာတဲ့ သားအဖနှစ်ဦးကို စစ်အုပ်စု ဖမ်းဆီး

Author CJ Platform
Categories
Published on Aug 19, 2025

မကွေးတိုင်း ရေစကြိုမြို့နယ် ကမ္ဘောဇဘဏ်ကနေ ပိုက်ဆံထုတ်ပြီး ပြန်လာတဲ့ သားအဖနှစ်ဦးကို စစ်အုပ်စုက ဘဏ်အနီးနားမှာတင် ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ် သတင်းကော်မတီထံက သိရပါတယ်။

 

မနေ့ ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ရေစကြိုမြို့နယ် စိတ္တသုခ(မြောက်)ရပ်၊ ၂ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲမှာ ပိုက်ဆံ ငွေကျပ်သိန်း ၁၀၀ လာထုတ်တဲ့ သားအဖနှစ်ဦးကို ဘဏ်က ပြန်ထွက်ချိန် စစ်အုပ်စုက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

 

စစ်အုပ်စု ဖမ်းဆီးခဲ့တဲ့သားအဖနှစ်ဦးက အသက် ၃၀ အရွယ် ကိုရဲနောင်ဆိုသူနဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ဖခင်ဖြစ်သူကို ဖမ်းဆီးထားကာ ကလေးငယ်ကို လာရောက်ခေါ်ဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

 

သူတို့က နယ်ဘက်ကပါ။ မအူကုတို့စုရွာဘက်ကပါ။ ဘဏ်က ငွေထုတ်ပြီး ပြန်ထွက်လာချိန် ဘဏ်အနီးနားမှာပဲ ဖမ်းဆီးခံလိုက်ရတာလို့ ရေစကြိုမြို့နယ် သတင်းကော်မတီက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိုရဲနောင်ဆိုသူနဲ့အတူ သူနဲ့အတူပါလာတဲ့ ငွေကျပ်သိန်း ၁၀၀ ကိုလည်း သိမ်းယူထားသလို ကိုရဲနောင်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

 

ရေစကြိုမြို့ပေါ်မှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ် စုဆောင်းဖို့ အဓမ္မဖမ်းဆီးမှုတွေရှိနေသလို လုပ်ငန်းရှင်အချို့ကိုလည်း ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေလည်းရှိနေတယ်လို့ ရေစကြိုမြို့နယ် သတင်းကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံရေစကြို

Related News

Depend on news