အိန္ဒိယလေယာဉ်ပျက်ကျမှုဟာ လောင်စာဆီဖြတ်တောက်ခံရတာကြောင့်လို့ ဆို

Author CJ Platform
Categories
Published on Jul 12, 2025

အိန္ဒိယနိုင်ငံ အာမက်ဒါဘတ်မြို့မှာ ဇွန်လ ၁၂ ရက်နေ့က မြေပြင်ပေါ်က လူတွေအပါအဝင် စုစုပေါင်း လူ ၂၆၀ သေဆုံးခဲ့ရတဲ့ အိန္ဒိယလေကြောင်းလိုင်း ခရီးစဉ် AI171 ပျက်ကျမှုကို ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ လေယာဉ်ပျံသန်းနေစဉ် အင်ဂျင်တွေဆီ လောင်စာဆီပို့လွှတ်မှုကို ရပ်တန့်စေခဲ့တာကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့အဆိုအရ လေယာဉ်မှူးအခန်းထဲက လောင်စာဆီထိန်းချုပ်ခလုတ်တွေကို “RUN” အခြေအနေကနေ “CUTOFF” ကို ပြောင်းလိုက်တဲ့အတွက် လေယာဉ်ပျံတက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အင်ဂျင်နှစ်လုံးစလုံး ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်မှူးတစ်ဦးက အင်ဂျင်တွေ ဘာကြောင့် ရပ်သွားတာလဲလို့ မေးမြန်းခဲ့ပေမယ့် လေယာဉ်မှူးနှစ်ဦးစလုံးက သူတို့လုပ်တာ မဟုတ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

 

အင်ဂျင်တွေကို ပြန်လည်နှိုးဖို့ ကြိုးစားနေစဉ်မှာပဲ ဘိုးအင်း ၇၈၇ ဒရင်းမ်လိုက်နာလေယာဉ်ဟာ ဆေးရုံအဆောင်တစ်ခုပေါ်ကို ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည်တွေထဲက တစ်ဦးကလွဲပြီး အားလုံး သေဆုံးခဲ့ရပါတယ်။

 

လောင်စာဆီဖြတ်တောက်တဲ့ ခလုတ်တွေဟာ လေယာဉ်အရှိန်ထိန်းခလုတ်နားမှာ တည်ရှိပြီး မတော်တဆနှိပ်မိတာမျိုး မဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် မရည်ရွယ်ဘဲ နှိပ်မိဖို့ အလွန်ခဲယဉ်းတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

 

လေယာဉ်မပျက်ကျမီလေးမှာ “Mayday” လို့ အရေးပေါ်အကူအညီ တောင်းတဲ့ အသံကို လေယာဉ်ရဲ့ မှတ်တမ်းတင်ကိရိယာ (black box) မှာ ကြားခဲ့ရပါတယ်။

 

လေယာဉ်နဲ့ လေယာဉ်ဝန်ထမ်းတွေဟာ ပုံမှန်အခြေအနေမှာရှိပြီး လောင်စာဆီအရည်အသွေး၊ ဝန်အလေးချိန်၊ ကိရိယာတပ်ဆင်မှုတွေမှာ ဘာပြဿနာမှ မရှိခဲ့ကြောင်း တွေ့ရှိရတယ်လို့ သိရပါတယ်။

 

ငှက်နဲ့ တိုက်မိတဲ့ လက္ခဏာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ထားတာမျိုးလည်း မတွေ့ရဘဲ အင်ဂျင်တွေကလည်း အသစ်တပ်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

အိန္ဒိယလေကြောင်းလိုင်းကလည်း ဒီအစီရင်ခံစာကို လက်ခံရရှိကြောင်း အတည်ပြုခဲ့ပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

 

ကျွမ်းကျင်သူတွေက ဒီဖြစ်ရပ်ဟာ “အလွန်ရှားပါးတဲ့” စက်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လူ့အမှားကြောင့် ဖြစ်နိုင်တဲ့ အခြေအနေလို့ သတ်မှတ်ထားပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လေယာဉ်မှူးအခန်းတွင်း လုပ်ထုံးလုပ်နည်းတွေနဲ့ ဘေးကင်းရေးစနစ် ဒီဇိုင်းပိုင်းဆိုင်ရာတွေကို မေးခွန်းထုတ်စရာတွေ ဖြစ်လာစေကာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

Source – CNN

 

ဓာတ်ပုံ – Reuters