ဒိုက်ဦးနဲ့ သာယာဝတီထောင်က အကျဉ်းသားတွေမှာ အရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရ

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်နဲ့ သာယာဝတီထောင်အတွင်း အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေအနေနဲ့ အရေပြားရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒိုက်ဦးအကျဉ်းထောင်က အမျိုးသမီးအဆောင်မှာ ရှိတဲ့ အခန်းတစ်ခုအတွင်းမှာ အကျဉ်းသားတွေကို စုပြုံထည့်ထားတဲ့အတွက် အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ ဆိုးရွားစွာ ခံစားနေရသလို၊ သာယာဝတီအကျဉ်းထောင်မှာလည်း နေရာထိုင်ခင်း ကျပ်တည်းတာနဲ့ သောက်သုံးရေ လုံလောက်စွာ မရတာကြောင့် အကျဉ်းသားတွေဟာ အရေပြားရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ သာယာဝတီထောင်ကို ရွှေ့ပြောင်းလာတဲ့ အကျဉ်းသားဦးရေ များပြားလာပြီး နေရာထိုင်ခင်း ကျပ်တည်းတာ၊ လျှပ်စစ်မီးမရတာနဲ့ ချိုးရေ သန့်ရှင်းမှုမရှိတာတွေကြောင့် အကျဉ်းသားတွေဟာ အရေပြားကူးစက်ရောဂါတွေ ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ အကျဉ်းသားတွေဟာ လုံလောက်တဲ့ ဆေးကုသမှုလည်း မရတဲ့အပြင် မိသားစုတွေဆီ ဆေးဝါး ပို့ဆောင်ခွင့်တွေလည်း ကန့်သတ်ခံထားရတယ်လို့ သိရပါတယ်။
အကျဉ်းထောင်အသီးသီးမှာ မိုးရာသီကာလဆိုလျှင် အကျဉ်းသားအများစုမှာ အရေပြားရောဂါဖြစ်ပွားမှု ပိုမို ဆိုးဝါးလေ့ရှိပြီး အကျဉ်းသားဦးရေ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အခုလို အကျဉ်းသူ၊အကျဉ်းသားတွေ အရေပြားရောဂါ ခံစားနေရတဲ့ အခြေအနေနဲ့ ဆေးဝါးကုသမှု လုံလောက်စွာ မရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး AAPP ကို CJ Platform အနေနဲ့ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၂ သောင်း ၂ ထောင်ကျော် ဖမ်းခံထားရပြီး အဲဒီထဲက ၁ သောင်း ၁ ထောင်ကျော်ဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
ဓာတ်ပုံ – pro SAC