ဒီးမော့ဆိုမြို့ထဲဝင်ရောက်လာတဲ့ စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေ

ကရင်နီပြည် ဒီးမော့ဆိုမြို့ကို စစ်အုပ်စုက မနေ့ ဩဂုတ် ၁၉ ရက်မှာ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာတော့ ဒီးမော့ဆိုစစ်ဆင်ရေးကို ၁၆ ရက်ကြာ ဆောင်ရွက်ခဲ့ရပြီး ပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ဩဂုတ်လဆန်းပိုင်းကတည်းက ဒီးမော့ဆိုမြို့ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စု ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့ထဲက အရပ်သားပြည်သူတွေကို လူသားဒိုင်းသဖွယ်အသုံးပြုပြီး စစ်ကြောင်းအရှေ့ကနေ သွားလာစေခိုင်းတာ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို သယ်ခိုင်းတာ၊ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း KNDF က ဖော်ပြထားပါတယ်။
လွိုင်ကော် – ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်မှာရှိတဲ့ ဒီးမော့ဆိုမြို့ကို KNDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့တာမျိုးမဟုတ်ဘဲ စစ်အုပ်စုနဲ့ ကရင်နီတပ်ဖွဲ့တွေကြား ကာလရှည်စစ်ရေးတင်းမာနေခဲ့တာလည်း ဖြစ်ပါတယ်။ အခုဩဂုတ်လဆန်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးကို အသုံးမပြုဖို့ကိုလည်း KNDF က ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်တယ်လို့ထုတ်ပြန်ထားတဲ့ လက်ရှိဒီမော့ဆိုစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး KNDF သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ကို စစ်အုပ်စုက ခြောက်လကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြန်လည်သိမ်းယူထားနိုင်ခဲ့သလို မိုးဗြဲ–လွိုင်ကော်ကားလမ်းမတစ်လျှောက်ကိုလည်း စစ်ကြောင်းထိုး ထိန်းချုပ်ထားပါတယ်။
ဓာတ်ပုံ -pro SAC