ဂါဇာမှာ ကြောက်မက်ဖွယ်ရာ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်နေရ

ဂါဇာဟာ ကြောက်မက်ဖွယ်ရာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြပါတယ်။
၂၀၂၃ အောက်တိုဘာဖြစ်ပွားခဲ့တဲ့ ဟားမတ်ရဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့ စစ်ပွဲစတင်ချိန်ကစလို့ ဒီဒေသဟာ အလုံးစုံပိတ်ဆို့မှု၊ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ ပြိုလဲသွားတဲ့ ဒဏ်ကို ခံနေရတာပါ။
အစာငတ်မွတ်မှုကြောင့် ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာအနည်းဆုံး ကလေး ၂၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
အစားအစာရဖို့ ကြိုးစားရင်း အစ္စရေးတပ်တွေသတ်ဖြတ်တာကြောင့် သေဆုံးသူကလည်း လူ ၁,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဂါဇာဒေသက လူဦးရေ ၂ဒသမ ၁ သန်းဟာ အစားအစာ မလုံလောက်တဲ့အခြေအနေတွေ ရင်ဆိုင်နေရပြီး ကလေး ၉၀၀,၀၀၀ ဟာ ငတ်မွတ်နေကြပါတယ်။
အခြေအနေတွေက အကူအညီဖြန့်ဝေပေးတဲ့ ထရပ်ကားတွေရောက်လာရင် အစာရေစာပြတ်လတ်တဲ့ဒဏ်ခံနေရတဲ့ အလွန်ဆာလောင်နေကြတဲ့ ပါလက်စတိုင်းအရပ်သားတွေ ဝိုင်းအုံစုပြုံလာပြီး လုကြရာကနေ လူအုပ်နင်းမိပြီး သေတာမျိုး၊ အချင်းချင်းရိုက်နှက်ပြီး ပြန်လုတာမျိုး၊ ရုန်းရင်းဆန်ခတ်တွေဖြစ်တာအပြင် အစ္စရေးတပ်က ပစ်ခတ်တာကြောင့် အစားအစာဝေတဲ့နေရာတွေမှာ လူသေဆုံးတဲ့အခြေအနေတွေအထိ ဖြစ်နေပါတယ်။
ဆေးရုံတွေဟာလည်း လူနာတွေနဲ့ ပြည့်ကျပ်နေပြီး အရင်းအမြစ်တွေလည်း မလုံလောက်ဘူးလို့ သိရပါတယ်။
သူတို့ကိုယ်တိုင် အစာငတ်နေတဲ့ ဆေးဘက်ဝန်ထမ်းတွေဟာ ခွဲစိတ်နေရင်း လဲကျတာတွေ၊ အာဟာရချို့တဲ့သူတွေကို ပြုစုစောင့်ရှောက်ဖို့ ရုန်းကန်နေရတာတွေ ဖြစ်နေပါတယ်။
အကူအညီတင်တဲ့ ထရပ်ကားတွေ ရှားပါးပြီး ဖြန့်ဝေတဲ့နေရာတွေကလည်း နည်းပါးတာကြောင့် လူတွေနဲ့ ပြည့်ကျပ်နေပြီး အန္တရာယ်များတယ်လို့ သိရပါတယ်။
အဲဒီနေရာအများစုကို အစ္စရေးနဲ့ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း (GHF) က စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအေဂျင်စီတွေကတော့ GHF ရဲ့ ပုံစံဟာ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပျက်ကွက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေကို မလိုက်နာဘူးလို့ ဝေဖန်နေကြပါတယ်။
လုယက်မှုတွေ၊ လက်နက်ကိုင်ဂိုဏ်းတွေနဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အကူအညီပေးရေးလုပ်ငန်းတွေ ပိုပြီး အနှောင့်အယှက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဆေးရုံအများစု ပျက်စီးသွားတာ ဒါမှမဟုတ် ဖျက်ဆီးခံရတာတွေ၊ အကူအညီပေးရေးဝန်ထမ်းတွေ အစာငတ်ပြီး လဲကျကုန်တာတွေကြောင့် ကုလသမဂ္ဂကတော့ “လူအစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှု” ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
တစ်ချိန်တည်းမှာပဲ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဆက်လုပ်နေပေမဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။
အစားအစာနဲ့ ဆေးဝါးတွေ ပို့ဆောင်ဖို့ ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းကို ချက်ချင်းဖွင့်ပေးဖို့ အကူအညီပေးရေးအေဂျင်စီတွေက တိုက်တွန်းနေကြပြီး ဂါဇာက အရပ်သားတွေကတော့ ဘာပဲရရ စားရဖို့အတွက် တောင်းရမ်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
Source – AI Jazeera, CNN, The Guardian
ဓာတ်ပုံ – The Guardian