ကွမ်းရွက်စျေး ပြန်တက်လာပေမဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ တောင်သူတွေမှာ ကွမ်းမစိုက်နိုင်တော့

Author CJ Platform
Categories
Published on Jul 12, 2025

ကွမ်းရွက်စျေးနှုန်းတွေ ပြန်တက်လာခဲ့ပေမဲ့ ၆လကျော် စျေးနှုန်းကျဆင်းမှုဒဏ်ကြောင့် တောင်သူတွေ ကွမ်းမစိုက်နိုင်တော့ဘဲ ဖြစ်နေရတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ ကွမ်းရွက်စျေးနှုန်းတွေဟာ သွင်းအားစု ကုန်ကျစရိတ်အောက် စျေးနှုန်းကိုသာ ရရှိခဲ့ကြပြီး လမ်းခရီးပိတ်ဆို့မှုတွေကြောင့် လက်ကားဝယ်ယူသူမရှိခဲ့ဘဲ တောင်သူတွေ အရှုံးနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

 

အခုနှစ် နွေရာသီကွမ်းဈေးကွက်မှာလည်း ကွမ်းရွက် ဈေးနှုန်းတွေဟာ ဒိုင်ပေးဈေးအနေနဲ့ မေလအထိ ယာရှယ်ထိပ်စ တစ်ပိသာကို ၇ ထောင် ၈ ထောင်ခန့်သာ ရရှိခဲ့တာဖြစ်ပါတယ်။

 

ဇွန်လကုန်ပိုင်းမှာတော့ ကွမ်းရွက်ဈေးနှုန်းပြန်တက်ခဲ့ပြီး ယာရှယ် ထိပ်စ တစ်ပိသာကို ၃၆၀၀၀ ကျပ် ဝန်းကျင်၊ ယာရှယ် အလတ်က သုံးသောင်းကျပ်ဝန်းကျင်နဲ့ ပါယ်ကွမ်းကတော့ ၁၇၀၀၀ ကျပ်ဝန်းကျင် အထိ ပြန်မြင့်တက်လာခဲ့ပါတယ်။ အခုလို ကွမ်းဈေးနှုန်းပြန်တက်ခဲ့ပေမဲ့ လက်ရှိစျေးကွက်ပေါက်စျေးဟာ အရင်နှစ် ဈေးနှုန်းကို မမီဘူးလို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ကွမ်းဈေးနှုန်းဟာ ယာရှယ် ထိပ်စကို ၄၁၀၀၀ ကျပ်အထိ ဈေးနှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

 

“ဒီနှစ်တော့ မစိုက်တော့ဘူး။ အရင်ကလောက်လည်း ဈေးတက်လာတာမရှိဘူး။ စိုက်လည်းရှုံးဦးမှာ။ လယ်ရှိနေလို့သာ စပါးလေးပြန်စိုက်ဖြစ်တာ။ မအလခေတ် ဘာစိုက်စိုက်အဆင်ပြေမှာမဟုတ်တော့ဘူး” လို့ ညောင်တုန်းမြို့နယ်က တောင်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဧရာဝတီတိုင်းအတွင်း ကွမ်းအဓိကစိုက်ပျိုးတဲ့ ပန်းတနော်နဲ့ ညောင်တုန်းမြို့တွေမှာ ကွမ်းစိုက်ခင်းတွေအတွင်း ရေဝင်ရောက်တဲ့ အချိန်ကာလကို ရောက်ရှိလာတာကြောင့် ဆက်လက်စိုက်ပျိုးလို့ မရတော့တဲ့ အခြေအနေနဲ့လည်း တောင်သူတွေမှာ ကြုံတွေ့နေရပါတယ်။

 

ကွမ်းရွက်စျေးကောင်းနေချိန်က ရေဝင်ရောက်ပေမဲ့ စိုက်ခင်းတွေကို မိုးကာစတွေနဲ့ ကာရံပြီး စိုက်ပျိုးကြပေမဲ့ လက်ရှိကွမ်းစျေးနှုန်းအရ သွင်းအားစုတွေ ထပ်မံမြှုပ်နှံပြီး စိုက်ပျိုးဖို့ တောင်သူတွေမှာ စိုးရွံ့နေကြတယ်လို့ သိရပါတယ်။

 

“ပြန်စိုက်ဖို့ကြ ငွေကြေးမတတ်နိုင်ကြလို့ အခက်အခဲတွေရှိကြတော့ ပြန်မစိုက်နိုင်တော့ဘူး။ တချို့ကြတော့လည်း ရှုံးထားတော့ ပြန်မစိုက်ရဲကြဘူး။ အတိုးနဲ့ လုပ်နေသူတွေဆို ပိုဆိုးတာပေါ့” လို့ ပန်းတနော်မြို့နယ်က ကွမ်းစိုက်တောင်သူ တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးနေကြသူတွေအနေနဲ့ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်၊ စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းတွေ ကျဆင်းတာနဲ့ လုပ်သားရှားပါလာတွေကြောင့် အခက်အခဲ မျိုးစုံကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းကြေး၊ ကင်းကြေးစတဲ့ အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ကောက်ခံတာကြောင့် တောင်သူတွေအနေနဲ့ အကျပ်အတည်းမျိုးစုံနဲ့ ဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာတော့ ကွမ်းအနည်းငယ်သာထွက်ရှိနေပြီး မြစ်ရေကြီးချိန်ဖြစ်တာကြောင့် ကွမ်းစိုက်တောင်သူတွေနည်းပါးနေသလို သွင်းအားစု စရိတ် မတတ်နိုင်တာကြောင့် ကွမ်းပြန်မစိုက်နိုင်သူတွေလည်း များပြားလာပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ပုံစာ – ဧရာဝတီတိုင်းအတွင်းရှိ ကွမ်းပွဲရုံတစ်ခုကို မြင်ရပုံ