နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေပြီး TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အနီးတဝိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးပစ်ကူပေးမှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ စစ်ကောင်စီက လုပ်ဆောင်နေတာလို့ PSLF/TNLA ဆီက သိရပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် စစ်ကြောင်းထိုးနေချိန် ရေမောင်းတန်း၊ ကျောက်ကြမ်း၊ နောင်လင်၊ နားမုံ၊ ကသဲမျှောင်၊ နောင်ဖာနဲ့ အုမ္မခါးကျေးရွာတွေဘက်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကလည်း ပြောပါတယ်။
“လက်ရှိ စစ်ကောင်စီက မြေပြင်မှာလည်း ထိုးစစ်ဆင်တာတွေရှိသလို ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေလည်းရှိတယ်။ စစ်ရေးအရ ဖိအားပေးတာမျိုးတွေလည်းရှိတယ်။ နောင်ချိုအနီးနားတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာမျိုးတွေရှိတယ်” လို့ လွေးယေဦးက CJ Platform ကို ပြောပါတယ်။
နောင်ချိုမြို့ပေါ်အနီးကို စစ်ကောင်စီတပ်တွေရောက်ရှိလာပြီလို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပေမဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး PSLF/TNLA ဘက်က CJ Platform ဘက်က အတည်မပြုထားပါဘူး။
ဒါ့အပြင် သီပေါမြို့၊ မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တို့ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့ လွေးယေဦးက ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်အစောပိုင်းမှာလည်း ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
အခု ဇူလိုင်ပထမပတ်အတွင်း မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PSLF/TNLA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – TNLA
ပုံစာ – ဇူလိုင် ၁၁ ရက် မနက် ၃ နာရီဝန်းကျင်က ကျောက်မဲမြို့ပေါ်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်