သပိတ်ကျင်းမြို့ ပိုးဇာရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၄ ဦး သေဆုံး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဖော့တောရွာနဲ့ ပိုးဇာရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖော့တောရွာလမ်းခွဲကို စစ်ကောင်စီက K-8W အမျိုးအစား ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ ပြင်ဦးလွင်ခရိုင် ပကဖက ဖော်ပြထားပါတယ်။
ဖော့တောရွာလမ်းခွဲကို ဗုံးကြဲတိုက်ခိုက်မှုအပြီး ပိုးဇာ (ပိုးဇာနွယ်) ရွာကို စစ်ကောင်စီက မနေ့ညနေ ၅ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်လေးဦး သေဆုံးခဲ့သလို အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အခြားကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပိုးဇာရွာဟာ မန္တလေး-မိုးကုတ် ကားလမ်းမနံဘေးမှာရှိတဲ့ ရွာငယ်တစ်ရွာဖြစ်ပြီး လီဆူးတိုင်းရင်းသားအများစု နေထိုင်ကြတဲ့ ကျေးရွာငယ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီက ပိုးဇာရွာ Church ဘုရားကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်ငါးလုံးနဲ့ ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပိုးဇာရွာ ဗုံးကြဲခံရမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်တွေထဲမှာ မွေးကင်းစကလေးငယ်အပါအဝင် သားအမိသုံးဦး သေဆုံးခဲ့သလို အခြားကလေးငယ်နှစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ Mandalay Free Press (MFP) က ဖော်ပြထားပေမဲ့ ထပ်မံအတည်ပြုနိုင်ဖို့အတွက် ပြင်ဦးလွင်ခရိုင် ပကဖနဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခု ဇူလိုင်လအတွင်း မိုးကုတ်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်တို့ကို စစ်ကောင်စီက နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို ဒေသခံနေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင် ပကဖ