နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိခဲ့တဲ့ ပထမဆုံး အိန္ဒိယ အာကာသယာဉ်မှူး ကမ္ဘာမြေသို့ ပြန်လာ

နိုင်ငံတကာ အာကာသစခန်း (ISS) ကို သွားရောက်ခဲ့တဲ့ ပထမဆုံး အိန္ဒိယ အာကာသယာဉ်မှူး ရှုဘန်ရှု ရှပ်ကလာဟာ အက်ဆီယွန်-၄ (Ax-4) အာကာသယာဉ်နဲ့ သမိုင်းဝင်မစ်ရှင်တစ်ခုကို ပြီးဆုံးပြီးနောက် ကမ္ဘာမြေဆီကို ပြန်လာနေပြီ ဖြစ်ပါတယ်။
အက်ဆီယွန်-၄ အာကာသယာဉ်ဟာ တနင်္လာနေ့က နိုင်ငံတကာ အာကာသစခန်းကနေ ချိတ်ဆက်မှုဖြုတ်ခွာခဲ့ပြီး၊ ဇူလိုင်လ ၁၅ ရက်နေ့ အိန္ဒိယစံတော်ချိန် ညနေ ၃ နာရီခန့်မှာ ကယ်လီဖိုးနီးယားကမ်းလွန်မှာ ပင်လယ်ထဲကို ပြန်လည်ကျဆင်းမယ်လို့ သိရပါတယ်။
နာဆာက ဝါရင့်အာကာသယာဉ်မှူး ပက်ဂီ ဝစ်ဆန် ဦးဆောင်တဲ့ ဒီမစ်ရှင်မှာ ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံတို့က အာကာသယာဉ်မှူးတွေလည်း လိုက်ပါခဲ့ကြပါတယ်။
ရှပ်ကလာဟာ ၁၉၈၄ ခုနှစ်က သွားရောက်ခဲ့တဲ့ ရာကက်ရှ် ရှားမား နောက် အာကာသကို ရောက်ရှိခဲ့တဲ့ ဒုတိယမြောက် အိန္ဒိယနိုင်ငံသား ဖြစ်ပါတယ်။
အာကာသစခန်းမှာ နေထိုင်စဉ်အတွင်း အဖွဲ့သားတွေဟာ အိန္ဒိယ အာကာသအေဂျင်စီ အစ္စရိုး (ISRO) ရဲ့ စမ်းသပ်မှု ၇ ခုအပါအဝင် သိပ္ပံဆိုင်ရာ စမ်းသပ်မှု ပေါင်း ၆၀ ကို ပြုလုပ်ခဲ့ကြပါတယ်။
ရှပ်ကလာက “အာကာသထဲကနေ ကြည့်လိုက်ရင် ဒီနေ့ အိန္ဒိယနိုင်ငံဟာ ရည်မှန်းချက်ကြီးမားပြီး၊ ကြောက်ရွံ့မှုကင်းကာ၊ ယုံကြည်မှုရှိပြီး ဂုဏ်ယူစရာကောင်းနေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
အစ္စရိုး (ISRO) က ရူပီး ၅ ဘီလီယံ ထောက်ပံ့ထားတဲ့ သူ့ရဲ့ မစ်ရှင်ဟာ ၂၀၂၇ ခုနှစ်မှာ ပြုလုပ်မယ့် ဂါဂန်ယန် မစ်ရှင်နဲ့ ၂၀၄၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံသားတွေကို လကမ္ဘာကို စေလွှတ်မယ့် ရေရှည်စီမံကိန်းတွေအပါအဝင် အိန္ဒိယရဲ့ အနာဂတ် လူလိုက်ပါမယ့် အာကာသမစ်ရှင်တွေကို အထောက်အကူပြုမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ပျံသန်းမှုအတွေ့အကြုံ နာရီ ၂,၀၀၀ ကျော်ရှိတဲ့ အာကာသယာဉ်မှူးတစ်ဦးဖြစ်သူ ရှပ်ကလာက ဒီခရီးစဉ်ကို “ဘဝအပြောင်းအလဲ ဖြစ်စေတဲ့ ခရီးစဉ်” အဖြစ် ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူက “လူသန်းထောင်ပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေ” ကို အာကာသထဲ သယ်ဆောင်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Source – BBC
ဓာတ်ပုံ – BBC