မြောက်ကိုရီးယားက လွတ်မြောက်လာသူတစ်ဦး ကင်ဂျုံအန်ကို တရားစွဲ

မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးဖြစ်သူ ချွဲမင်ကျောင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အခြားအဆင့်မြင့်အရာရှိ ၄ ဦးကို ဒီနေ့ ဇူလိုင် ၁၁ ရက် သောကြာနေ့မှာ တောင်ကိုရီးယားနိုင်ငံ တရားရုံးကနေ တရားမမှု၊ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
ဒီလို တရားစွဲဆိုတာက မြောက်ကိုရီးယားနိုင်ငံဖွား ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက သူတို့အစိုးရကို ပထမဆုံးအကြိမ် တရားရုံးတစ်ခုကနေ ဥပဒေအရ တရားစွဲဆိုမှုလည်း ဖြစ်ပါတယ်။
ချွဲမင်ကျောင်းဟာ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာ မြောက်ကိုရီးယားကို အတင်းအကျပ် ပြန်ပို့ခံခဲ့ရပါတယ်။ အဲဒီလို ပြန်ပို့ခံရပြီးနောက်ပိုင်း သူမကို ထိန်းသိမ်းခံထားရစဉ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ညှင်းပန်းနှိမ်စက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။
သူမဟာ ၂၀၁၂ ခုနှစ်မှာ နောက်တစ်ကြိမ် ထွက်ပြေးလွတ်မြောက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေနဲ့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီအမှုကို ကူညီပံ့ပိုးပေးနေတဲ့ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်စင်တာ (NKDB) ကလည်း ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကိုပါ တင်ပြဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားတရားရုံးတွေက နစ်နာသူတွေကို လျော်ကြေးပေးဖို့ မြောက်ကိုရီးယားအစိုးရကို အရင်ကလည်း အမိန့်ချမှတ်ခဲ့ဖူးပေမယ့် ပြုံယမ်းအစိုးရက အဲဒီအမိန့်တွေကို ဂရုမစိုက်ခဲ့ပါဘူး။ ဒါကြောင့် အဲဒီစီရင်ချက်တွေက အထိမ်းအမှတ်သဘောပဲ ဖြစ်ခဲ့ပါတယ်။
သူမကတော့ ဒီအမှုက ကင်မိသားစုရဲ့ အုပ်ချုပ်မှုအောက်မှာ ဆင်းရဲဒုက္ခ ခံနေရတဲ့ မြောက်ကိုရီးယားပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာတွေ ပြန်လည်ရရှိစေဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ချွဲမင်ကျောင်းက ပြောကြားပါတယ်။
Source – The Guardian
ဓာတ်ပုံ – Reuters