စာရေးဆရာ မောင်သာချို ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်

Author CJ Platform
Categories
Published on Jul 10, 2025

စာရေးဆရာ၊ ကဗျာဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဆရာမောင်သာချိုဟာ ဒီကနေ့ ဇူလိုင်လ ၁၀ရက်နေ့ မနက် ၈နာရီခန့်မှ ကွယ်လွန်သွားခဲ့တယ်လို့ စာပေအသိုင်းအဝိုင်းက သိရပါတယ်။

 

ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

 

“စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ကွယ်လွန်သွားပါကြောင်း ဝမ်းနည်းကြေကွဲစွာ အသိပေးအပ်ပါသည်”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က သူ့ရဲ့လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

 

ဆရာမောင်သာချိုဟာ အိပ်မက်ဖူး မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့ဖူးပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာဒီဂရီကောလိပ်၊ ဟင်္သာတကောလိပ်တွေမှာ စာသင်ကြားခဲ့ဖူးပြီး ပညာရေးတက္ကသိုလ်မှာ မြန်မာစာဌာန နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

 

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာ ဇာတိဖြစ်တဲ့ ဆရာမောင်သာချိုဟာ မောင်သာချိုအမည်နဲ့ စာပေများစွာကို ရေးသားခဲ့တဲ့အပြင် ဂျက် ကွမ်းခြံကုန်းကလောင်အမည်နဲ့လဲ စာပေများစွာကို ရေးသားခဲ့ဖူးသူဖြစ်ပါတယ်။

 

စစ်ကောင်စီက အာဏာသိမ်းယူပြီးချိန်မှာ ဆရာမောင်သာချိုကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့ပြီး ၂၀၂၂ခုနှစ် ဖော်ဖေါ်ဝါရီ ၂၂ရက်နေ့မှာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ပါတယ်။

 

၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

 

ဆရာမောင်သာချိုနဲ့ တစ်ရက်တည်း အတူတူလွတ်မြောက်ခဲ့သူ ရွှေညဝါဆရာတော်ဟာလည်း ဒီကနေ့ ဇူလိုင်လ ၁၀ရက်နေ့ မနက် ၂နာရီ ၄၅မိနစ်ခန့်မှာ ပျံလွန်တော်ခဲ့ရပါတယ်။

 

ဆရာမောင်သာချိုရဲ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီးတော့ မိသားစုက သီးခြား ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

 

ဓာတ်ပုံ – လူမှုကွန်ရက်