စစ်ကောင်စီမှ တပ်မတော်(ရေ) နှစ်ပတ်လည်ပွဲအား သံလျင်ရေတပ်စခန်းတွင် အကျဉ်းခြုံးကျင်းပမည် ဒရုန်းရန်အား အထူးဂရုပြု သတိထားရန် ညွှန်ကြားထား

Author စကားဝါ
Categories
Published on Dec 22, 2023

စစ်ကောင်စီသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်အား ဧရာဝတီရေတပ်စခန်းဌာနချုပ်တွင် အခမ်းအနားဖြင့် ကျင်းပရဲခြင်း မရှိသဖြင့် သံလျင်ရေတပ်စခန်းတွင်သာ အကျဉ်းခြုံးကျင်းပသွားမည်ဖြစ်ပြီး ဒရုန်းရန်အား အထူးဂရုပြု သတိထားရန် အဆင့်ဆင့် ညွှန်ကြားမှုများ လုပ်ဆောင်ထားကြောင်း ဧရာဝတီရေတပ်စခန်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် CJ Platform ၏ သတင်းအရင်းအမြစ် တစ်ဦးထံမှ သိရသည်။

 

နှစ်စဉ် အခမ်းအနားများဖြင့် ကျင်းပလေ့ရှိပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် တက်ရောက်ရန် အစီအစဉ်မရှိသေးကြောင်း၊ နှစ်စဉ် စျေးရောင်းပွဲတော်များ ညစာစားပွဲများ လုပ်ဆောင်သော်လည်း ယခုနှစ်တွင်မူ အကျဉ်းခြုံးသာ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 

“လဆန်းပိုင်းတုန်းက သံလျင်ရေတပ်စခန်းထဲ ဒရုန်းဝဲလို့ သူတို့ ကြောက်လန့်တကြားဖြစ်သွားသေးတယ် ၊ အခုက အရှက်ကွဲမှာဆိုးလို့သာ နှစ်ပတ်လည်ပွဲလုပ်တာ ဒါတောင် ပွဲလုပ်တယ်ဆိုတာလေးပါပဲ”ဟု ဧရာဝတီရေတပ်စခန်း ဌာနချုပ်ရှိ CJ Platform ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

တပ်မတော်ရေ နှစ်ပတ်လည်ပွဲအား ကိုဩဒိနိတ်အမှတ် 16.717981321837694, 96.22938035635383 {https://maps.app.goo.gl/zbDZeWYUhywaSiaD8} နေရာရှိ အဆောက်အဦတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ လက်အောက်ခံ ရေတပ်တွင် ရေတပ်စခန်း ဌာနချုပ်များအဖြစ် ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ မောရဝတီ ရေတပ်စခန်း ဌာနချုပ်၊ ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်ဟူ၍ ရေတပ်စခန်း ဌာနချုပ် (၅)ခုအထိ ရှိသည်။

 

(၇၅)နှစ်မြောက် တပ်မတော်(ရေ) အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတားတွင် ကျင်းပပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။