Dawei Watch သတင်းဌာန သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

Author ဇက်
Categories
Published on Dec 13, 2023

တနင်္သာရီတိုင်း သတင်းများအဓိကဖော်ပြသည့် Dawei Watch သတင်းဌာနက မြိတ်အခြေစိုက် သတင်းထောက်နှစ်ဦးကို စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကြောင်း ယင်းသတင်းဌာနက ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့ ညသန်းခေါင်းအချိန်တွင် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို နေအိမ်များ၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိသားစုကို ပြောဆိုခဲ့သည်ဟု Dawei Wath ၏ အယ်ဒီတာအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

 

“Dawei Watch မီဒီယာမှာ မြန်မာနိုင်ငံတွင် သတင်းမီဒီယာလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာနတစ်ခုဖြစ်ပြီး သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသားထုတ်လုပ်နေသည့် မီဒီယာတစ်ခု ဖြစ်ပါသည်။” ဟု Dawei Watch ဌာန အယ်ဒီတာအဖွဲ့က ဆိုသည်။

 

သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်းနှင့် သတင်းဌာနတစ်ခု၏ သတင်းထောက်များကို ညသန်းခေါင်အချိန် ဖမ်းဝရမ်းမပါရှိဘဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ၎င်းထုတ်ပြန်ချက်အတွင်း ပါဝင်သည်။ ၎င်းတို့ စုံစမ်းသိရှိရသည့်သတင်းအရ စစ်ကြောရေးစခန်းတွင် ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေသည်ဟူ၍လည်း ဖော်ပြထားသည်။

 

ဖမ်းဆီးချိန်တွင် ဌာနပိုင် လက်တော့ပ်နှစ်လုံးနှင့် သတင်းထောက်များ၏ ဖုန်းများ၊ မိသားစုဝင်များ၏ ဖုန်းများကို သိမ်းဆည်းသွားကြောင်း သိရသည်ဟု Dawei Watch က ဆိုသည်။

 

“ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် Dawei Watch မီဒီယာ၏ သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်” ဟု Dawei Watch သတင်းဌာန၏ အယ်ဒီတာအဖွဲ့မှ ထုတ်ဖော်ပြောဆိုထားသည်။

 

 

ပုံ – Dawei Watch