D-Dayကြေညာအပြီး တစ်နှစ်ကျော်ကာလအတွင်း PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၅၀၀ကျော်ကျဆုံးဟု သမ္မတပြော

Author လင်းခိုင်
Categories
Published on Sep 07, 2022

ပြည်သူ့ခုခံတော်လှန်စစ်ကြေငြာပြီးနောက် PDF များနှင့်မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၁၅၀၀ဦးကျော် ကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားသည်။

စက်တင်ဘာ ၇ရက်(ယနေ့တွင်) ပြည်သူ့ခုခံတော်လှန်စစ်ကြောငြာခြင်း တစ်နှစ်ပြည့်အဖြစ် ယာယီသမ္မတက ပြည်သူ့အခြေပြုမိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခုခံတော်လှန်ရေးစစ်အတွင်းမှာ အသက်ပေးသွားတဲ့ တော်လှန်ရေး ရဲဘော် ရဲမေအားလုံးအတွက် ပူဆွေးရသလို အာဇာနည်သူရဲကောင်းအဖြစ်ဂုဏ်ပြုလိုပါတယ် တစ်နှစ်ကျော်ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDFများနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်၁၅၀၀ ကျော်ကျဆုံးပြီး စစ်ကောင်စီဖက်က ၂၀၁၅၀ဦးသေပြီး ဒဏ်ရာရသူက ၇၀၀၀ခန့်ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ရှိတွင် PDFတပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ပြီဖြစ်ကာ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ရှိသည့်အနက် မြို့နယ် ၂၅၀ကျော်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များ စနစ်တကျဖွဲ့စည်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကာကွယ်ရေးဝန်ကြီး ဌာနကွပ်ကဲမှုအောက်မှာရှိမနေသေးတဲ့ ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုလည်း တတ်နိုင်သမျှ ချိတ်ဆက်ဆောင်ရွက်နေပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ရှိတွင် ပြည်သူလူထုနှင့် မဟာမိတ်တို င်းရင်းသားတော်လှန်ရေးသမားများ၏ ပူးပေါင်းမှုကြောင့် စစ်အုပ်စုကို ဖိအားများစွာပေးနိုင်နေပြီဖြစ်ကြောင်း စိုးမိုးနယ်မြေများစွာတည်ဆောက်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးထားသည့်နေရာများတွင် ပြည်သူ့အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများကို စနစ်တကျ တည်ဆောက်နေကြောင်း ယာယီသမ္မတက ပြောကြားသည်။

“နယ်မြေစိုးမိုးထားတဲ့မြို့နယ်၂၄မြို့နယ်မှာ တရားသူကြီးများစုဖွဲ့ပြီး တရားစီရင်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ပညာရေး ကျန်းမာရေး လူမူဝန်ဆောင်မှုတွေကို ဖြည့်ဆည်းလည်ပတ်နိုင်ပြီဖြစ်ပါတယ် ။စစ်ကောင်စီအနေနဲ့ တိုင်းပြည်နယ်မြေတစ်ဝက်လောက်တောင် မအုပ်စိုးတော့ပါဖူး”ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

ပြည်သူလူထုအနေဖြင့် ခုခံတော်လှန်စစ်ရှေ့တစ်ဆင့်တက်လှမ်းနိုင်ရန် အဓိကအားနည်းလိုအပ်ချက်ဖြစ်သည့် ဘဏ္ဍာရံပုံငွေကို ဆက်လက်ထောက်ပံ့ပေးရန် ယာယီသမ္မတက မေတ္တာရပ်ခံထားသည်။
#D-Day #ဒူဝါလရှီးလ #ယာယီသမ္မတ #ပြည်သူ့အခြေပြုမိန့်ခွန်း