CRPH နှင့် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့နှင့် တွေ့ဆုံခဲ့ကာ CDM ၀န်ထမ်းများ ကူညီပေးနိုင်ရေး ညှိနှိုင်းသွားရန် သဘောတူညီချက်ရရှိ

Author လင်းခိုင်
Categories
Published on Jan 11, 2023

 

CRPH နှင့် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေးနိုင်ငံတကာ အဖွဲ့(International IDEA) နှင့်တွေ့ဆုံခဲ့ကာ CDM ၀န်ထမ်းများ ကူညီပေးနိုင်ရေး ညှိနှိုင်းသွားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ယနေ့ ထုတ်ပြန်ထားသည်။

CRPH နှင့် International IDEA တို့သည် ၂၀၂၃ ခုနှစ်အတွင်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၀ ရက်တွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် CRPH ဘက်မှ တာ၀န်ရှိသူများက ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစဉ်များနှင့် ပံ့ပိုးကူညီမှုရယူလိုသည့် အပိုင်းများကို တင်ပြခဲ့ပြီး International IDEA ဘက်မှ ယင်းတို့၏ စီမံကိန်းများနှင့် CRPH ၏ လုပ်ငန်းအစီအစဉ်များအပေါ် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု ရလဒ်အနေဖြင့် ၂၀၂၃ ခုနှစ် လုပ်ငန်းအစီအစဉ်များအနက်မှ ပြည်တွင်း တော်လှန်ရေး အင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေး ခိုင်မာ အားကောင်းလာစေရေး၊ နိုင်ငံတကာ ချိတ်ဆက် ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ အသွင်ကူးပြောင်းရေးကာလအတွက် လိုအပ်မည့် အစီအမံများနှင့် CDM ပြည်သူ့ ၀န်ထမ်းများအား ပံ့ပိုးကူညီသွားနိုင်ရေးကို ဆက်လက် ညှိနှိုင်းဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ CRPH မှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး ဦးထွန်းမြင့် နှင့်အဖွဲ့၀င်များ၊ ဥပဒေရေးရာကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ NUCC ရေးရာကော်မတီ ဥက္ကဌများတက်ရောက်ခဲ့ကာ၊ International IDEA မှ မြန်မာနိုင်ငံဆိုင်ရာ Head of Mission ဖြစ်သူ Dr.Marcus Brand နှင့် Programme Manger တို့တက်ရောက်ခဲ့သည်။

International IDEA သည် မြန်မာလွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် CRPH နှင့် နားလည်မှု စာချွန်လွှာရေးထိုးထားပြီး ကြားကာလလွှတ်တော်လုပ်ငန်းများအားကောင်းစေရန် ပံ့ပိုးကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CRPH #CDM #ရွေးကောက်ပွဲ