CRPHမှ ဦးစည်သူမောင်၏ မိဘများနေအိမ်အား စစ်ကောင်စီက ချိတ်ပိတ်၊ နေအိမ်အတွင်းရှိ စက်ဘီး နှစ်စီးနှင့် အဲယားကွန်း၊ရေမော်တာများပါ ဖြုတ်ခိုးခံရ

Author စကားဝါ
Categories
Published on Nov 10, 2022

ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကော်မတီဝင် ဦးစည်သူမောင်၏ မိဘများနေအိမ်အား စစ်ကောင်စီတပ်မှ ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီးနောက် နေအိမ်အတွင်းရှိ စက်ဘီး နှစ်စီးနှင့် အဲ့ယားကွန်း၊ ရေမော်တာများပါ ဖြုတ်ခိုးခံခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ လဆန်းပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဦးစည်သူမောင်၏ မိဘများ ပိုင်ဆိုင်ရာ လှိုင်မြို့နယ် ရှမ်းစု (၁)လမ်းရှိ နေအိမ်အား လာရောက်ချိတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးစည်သူမောင်နှင့် နီးစပ်သည့် အသိုင်းဝန်းမှ သိရသည်။

“ကျနော့် မိဘတွေနေအိမ်ကို မဆီမဆိုင် လွန်ခဲ့တဲ့ ၂ ရက်က ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာပဲ ဥပဒေမဲ့လာချိတ်ပိတ်သွားပါတယ် ချိတ်ပိတ်ပီးနောက်တစ်ရက်မှာ အိမ်က စက်ဘီး (၂) စီးနဲ့ အဲယားကွန်းတစ်လုံး ရေမော်တာ တစ်လုံးဖြုတ်ခိုးခံလိုက်ရပါတယ် ။ လှိုင်မြိုနယ်ရဲစခန်းက တာ၀န်ယူရပါလိမ့်မယ် မတရား ချိတ်ပိတ်ခံရတဲ့ အိမ်ထဲက အတွင်းပစ္စည်းများရဲ့ ဆုံးရှုးမှုဟာ ချိတ်ပိတ်တာ၀န်ယူထားသူတွေ အပေါ်မှာပဲ ရှိပါတယ်”ဟု ဦးစည်သူမောင်မှ CJ Platform သို့ပြောသည်။

စစ်ကောင်စီမှ ချိတ်ပိတ်သိမ်းဆည်းခဲ့သည့် နေအိမ်မှာ ဦးစည်သူမောင် ပိုင်ဆိုင်ခြင်းမရှိဘဲ မိဘများပိုင်ဆိုင်နေအိမ်ဖြစ်သည့် အပြင် ယင်းနေအိမ်လိပ်စာနှင့် သန်းခေါင်စာရင်းများတွင်လည်း ဦးစည်သူမောင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

မိဘများ၏ နေအိမ်ချိတ်ပိတ်ခံရခြင်းနှင့် ပက်သက်၍ “အကြမ်းဖက် စစ်အုပ်ချုပ်ရေးအောက်မှာတော့ လက်နက်အားကိုး တရားမဲ့ပြုကျင့်တာ ဥပဒေနဲ့ မညီတာတွေက အာဏာသိမ်းမှုစထဲက ကြုံကြရတာဆိုတော့ ခုကိစ္စနဲ့ပတ်သက်လို့ အထွေအထူးပြောဖိုမရှိပါဘူး။ တချိန်ကျရင်တော့ အသွင်ကူးပြောင်းရေးကာလ ရောက်ရင် တရားမျှတမှုဖော်ဆောင်ရေး ဆိုတာ တော်လှန်ရေးဘက်တော်သားတွေ ဒီမိုကရေစီအရေးဘက်တော်သားတွေ ကိုယ်တိုင် လုပ်ကြမှာပါ အဲ့ကာလ ကိုဖြတ်သန်းရလိမ့်မယ်လိုလဲ ယုံကြည်ထားပါတယ်”ဟု ဦးစည်သူမောင်မှ ဆက်လက်ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ နိုင်ငံအတွင်း မတရားချိတ်ပိတ်သိမ်းဆည်းခဲ့သည့် နေအိမ် အဆောက်အဦးအရေအတွက်မှ ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်း ၇၈၆လုံးထက် မနည်းရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

 

Related News

Depend on news