CNG ဂက်စ်ရရှိဖို့ တန်းစီချိန်ကြာမြင့်ပြီး လုံလောက်စွာ မရရှိတာကြောင့် အငှားယာဥ်မောင်းများ အခက်ကြုံနေရ

Author ခေတ်နီ
Categories
Published on Feb 11, 2023

 

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်ပြီး မော်တော်ယာဥ်သုံး CNGဂက်စ် လုံလုံလောက်လောက် မရရှိတာကြောင့် အငှားယာဥ်မောင်းနှင်ပြီး ဝင်ငွေရှာဖွေနေကြသည့် အငှားယာဥ်မောင်းများ အနေဖြင့် ခက်ခဲနေကြကြောင်း ၎င်းတို့ထံမှ သိရသည်။

ယခု ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် CNG ဂက်စ်သုံးကားများအဖြင့် ဂက်စ်အရောင်းဆိုင်များတွင် ဂက်စ်ဖြည့်တင်းနိုင်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာပဲ ဖြစ်သည်။

ယခုလို ဂက်စ်ဆိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာကြောင့် အငှားယာဥ်မောင်းများ အနေဖြင့် ခရီးသည် ရရှိမှု နည်းပါးမှုများ ဖြစ်လာနေပြီး နေ့စဥ်ဝင်ငွေ လျော့နည်းလာနေကြောင်း သိရသည်။

“တစ်နေ့ကို ၃ နာရီ ၄နာရီလောက်က ဂက်စ်စောင့်ရတယ် တခါတလေဆိုရင် ဂက်စ်ပါ ပေါင်တောင်မပြည့်ဘူး အော်ဒါရှိရင်လဲ အော်ဒါလိုက်ပေါ့၊ မရရင်လဲ ဒီအတိုင်းလျောက်မောင်းရင်းလည်း ပါဆင်ဂျာရတတ်ပေမယ့် ဂတ်စ်ကုန်ရင် ပြန်တန်းစီနေရတာနဲ့ အခေါက်ရေလဲနည်းတော့ ထိုင်နေရတာပေါ့ ပုံမှန်တော့ တနေ့ကို ၂သောင်းခွဲ ၃သောင်းလောက် ရတတ်ပေမယ့် အခေါက်ရေနည်းတဲ့နေ့ဆို အုံနာကြေး ဘာညာ ပေးရတာနဲ့ဆို ဘာမှ သိပ်မကျန်ဘူး”ဟု မြောက်ဒဂုံမြို့နယ်အတွင်း ပြေးဆွဲနေသည့် အငှားယာဥ်မောင်းတစ်ဦးက CJ Platformသို့ ပြောသည်။

ထို့အတူ ယခုကဲ့သို့ ဂတ်စ်တန်းစီရာတွင် ကြန့်ကြာမှုတွေကြောင့် အများသုံး YBS ယာဥ်လိုင်းများမှာလည်း အခေါက်ရေးလျော့ကာ ပြေးဆွဲနေရပြီး ယခုလို ပြေးဆွဲနေခြင်းကြောင့် YBSအသုံးပြုကာ ခရီးသွားလာခြင်း ရုံးသွားရုံးပြန် ပြုလုပ်နေရသည့် ပြည်သူများလည်း အခက်အခဲများ ဖြစ်ပေါ်နေသည်။

“အရင်က တောင်ဒဂုံကိုသွားဖို့ ၂ ကားစောင့်ရင် ၁၅ မိနစ် မိနစ်၂၀လောက်ကြာတတ်တယ် ၂ ကရှားတယ်လေ အခုကြပိုဆိုးတယ် အနည်းဆုံး မစောင့်ရဘူးဆို ၄၅ မိနစ် နဲ့ ၁နာရီကျော်ပဲ အလုပ်ချိန်နောက်ကျတာပေါ့ အပြန်ကြတော့လဲ အဲ့လိုစောင့်နေရတော့ သိပ်အဆင်မပြေလှဘူး နေ့ခင်းတောင်လုနေကြတာဆိုတော့ ညဆို ပိုပြီးသတိထားရတယ်”ဟု မြောက်ဒဂုံမြို့နယ်မှ တောင်ဒဂုံမြို့နယ်သို့ အလုပ်သွားရောက် လုပ်ကိုင်နေရသည့် ကိုလင်းထက်မှ ပြောသည်။

ရန်ကုန်တိုင်းအတွင်း သဘာဝဓာတ်ငွေ့ CNG အရောင်းဆိုင် ၄၀ ခန့်ရှိပြီး လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အချို့အရောင်းဆိုင်များတွင် မီးပြတ်ချိန်၌ အရောင်းယာယီပိတ်ခြင်းမျိုးပါ လုပ်ဆောင်နေရပြီး CNGဂက်စ်ကား အချို့သည်လည်း ဂက်စ်ရရှိမှု အခက်အခဲများကြောင့် အချို့အချိန်များတွင် ဂက်စ်ဆိုင်များ၌ ညအိပ် ကာ တန်းစီစောင့်ဆိုင်းနေရမှုများလဲ ရှိနေသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CNG #ရန်ကုန်