CNF/CNA ဌာနချုပ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ချင်းပြည်သူများကို မထီမဲ့မြင်ပြုလုပ်ရာဖြစ်ပြီး တော်လှန်ရေးစိတ်ဓာတ် ပိုမိုခိုင်မာစေသောလုပ်ရပ်ဖြစ်သည်ဟု CDF-Mindat ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 11, 2023

 

ချင်းပြည်နယ်၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းအမျိုးသားတပ်မတော် (CAN) ဌာနချုပ်တည်ရှိရာ ဝိတိုရိယစခန်း ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ချင်းပြည်သူများကို မထီမဲ့မြင် ပြုလုပ်ရာဖြစ်ပြီး တော်လှန်ရေးစိတ်ဓာတ် ပိုမိုခိုင်မာစေသော လုပ်ရပ်ဖြစ်သည်ဟု CDF-Mindat က ယနေ့ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော်မှ ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီ၏ ယခုလုပ်ရပ်အား ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ CNF/CNA ဌာနချုပ်ကို တိုက်ခိုက်ခြင်းသည် ချင်းပြည်သူ တစ်ရပ်လုံးကို မထီမဲ့မြင်ပြုလုပ်ရာဖြစ်ပြီး၊ ချင်းပြည်သူအားလုံး စစ်ကောင်စီအပေါ် နာကြည်းမှုများ တိုးပွားလာစေကာ တော်လှန်ရေး စိတ်အား ထက်သန်မှုကို ပိုမိုခိုင်မာစေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်အနှံ့တွင် ဝေဟင်၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့၊ ချင်းအမျိုးသားတပ်မတော် အပါအ၀င် ချင်းတော်လှန်ရေးအင်အားစုများ၊ နိုင်ငံအနှံ့ရှိ တော်လှန်ရေး အင်အားစုများ နှင့် ပိုမိုပူးပေါင်းကာ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ချင်းအမျိုးသားတပ်ဦး (CAN/CNF) ဌာနချုပ်သို့ လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုသည် ယင်းတို့ ပြောကြားထားသည့် ၂၀၂၃ ခုနှစ်အတွင်း အပစ်ခတ်ရပ်စဲမည်ဆိုသည့် ပြောကြားချက်မှာ အလိမ်အညာသာ ဖြစ်သည်ကို ၀န်ခံခြင်းဖြစ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက CAN/CNF ဌာနချုပ်သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဲဘော် ၅ဦးသေဆုံးပြီး၊ ၁၀ ဦး၀န်းကျင်ဒဏ်ရာရရှိခဲ့ကာ၊ အဆောက်အဦး ၂၀ ၀န်းကျင် ပျက်စီးခဲ့သည်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီသည် CAN/CNF ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား တိုက်လေယာဉ်များ အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ချင်းအမျိုးသားတပ်မတော် #လေကြောင်းတိုက်ခိုက်မှု