CNDF အမည်ကို အသုံးပြုပြီး ငွေကြေးကောက်ခံခြင်း လုပ်ဆောင်နေသူများ မိမိ လုပ်ရပ်အပေါ် တာ၀န်ခံရမည်ဟု ထုတ်ပြန်
ချင်းအမျိုးသားအဖွဲ့ချုပ် CNDF အမည်ကို အသုံးပြုပြီး ငွေကြေးကောက်ခံခြင်း လုပ်ဆောင်နေသူများ မိမိ လုပ်ရပ်အပေါ် တာ၀န်ခံရမည်ဖြစ်ကြောင်း CNO \CNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်သည် စတင်ဖွဲ့စည်းချိန်မှ စပြီး ဖလမ်းမြို့နှင့် ကလေး-ကဘော်ဒေသအတွင်း နေထိုင်သည့် မျိုးနွယ်စုအားလုံး ပါ၀င်လျက် ကျယ်ပြန့်စွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးကိစ္စအ၀၀ကို စီမံပိုင်ခွင့်ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသည်။
ဖလမ်းမြို့နယ် နယ်နမိတ်အတွင်း နှင့် မိမိတို့လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်းတွင်မဆို ပြည်သူ များထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံဆိုးလက် ဆောင် လက်ခံခြင်းများ မပြုလုပ်ရန် CNDF တပ်သားများကို အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်သူများမှ မေတ္တာဖြင့် ပေးကမ်းသော လက်ဆောင်များပင် အဖွဲ့ခေါင်းဆောင်ထံသို့ အကြောင်းကြားပြီမှ စနစ်တကျလက်ခံရန် ပြောကြားထားပြီးဖြစ်သည့် အတွက် လမ်းမကြီးတလျှောက် တပ်စွဲသည့်နေ့မှ စတင်ကာ ပြည်သူများထံ အခွန်သော်လည်းကောင်း၊ ဆက်ကြေးကဲ့သို့လည်းကောင်း ငွေကြေးကောက်ခံခြင်းမရှိခဲ့ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကလေး-တီးတိန်-တီအိုချောင်း လမ်းတလျှောက်တွင် CNDFမှ တပ်စွဲထားခြင်းမရှိသည့်အပြင် ငွေကြေးကောက်ခံမှုတစ်စုံတစ်ရာ မရှိသော်လည်း CNO\CNDF အမည်ကို အလွဲသုံးစားလုပ်ပြီး လမ်းမကြီးတွင် ငွေကြေးကောက်ခံနေသည်ကို ပြည်သူများထံမှ ကြားသိရကြောင်း၊ မိမိတို့၏ အမည်နာမကို အသုံးပြုပြီး ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်လာပါက ထိုကဲ့သို့ လုပ်ရပ်များသည် တရား၀င်မှုမရှိကြောင်းနှင့် လုပ်ဆောင်သူများ မိမိလုပ်ရပ်အပေါ် တာ၀န်ခံရမည်ဖြစ်ကြောင်း CNO \ CNDF က အသိပေးထုတ်ပြန်ထားသည်။