CDM ဝန်ထမ်းများ၏ အမည်စာရင်းအား စစ်ကောင်စီမှ လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင့် ဖြန့်ဝေကာ စောင့်ဆိုင်းဖမ်းဆီးနေ

Author CJ-001
Categories
Published on Oct 09, 2022

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ အလုပ်မဆင်းခြင်းဖြင့် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများ၏ အမည်စာရင်းအား စစ်ကောင်စီမှ ပြည်ပထွက်ခွာ လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် ဖြန့်ဝေထားကာ စောင့်ဆိုင်း ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း CJ Platform မှ စုံစမ်း သိရှိရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခံထားရသည့် ဝန်ထမ်းများသားမက CDM လုပ်ဆောင်မှုကြောင့် အလုပ်မှ ရပ်နားစာများ ပေးပို့ခြင်း ခံထားရသည့် ဝန်ထမ်းများပါ ပါဝင်နေကြောင်း သိရသည်။

ပြည်တွင်း အလုပ်အကိုင်မဲ့မှုကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေသည့် CDMဝန်ထမ်းများ Passport များလျှောက်ထားလာရာတွင် ထုတ်ပေးမှုများရှိသော်လည်း လေဆိပ်နှင့် နယ်စပ်ဂိတ်များ၌ စောင့်ဆိုင်းကာ ဖမ်းဆီးနေခြင်း ဖြစ်သည်။

“Passport အသိမ်းခံရတယ်၊ လေတပ်က လာဖမ်းတာ၊ စစ်ကြောရေးမှာ ၃ရက်ကြာခဲ့တယ်၊ အကုန်စစ်တာမှာ ကျွန်တော်က ဘာမှ ဆက်သွယ်ထားတာ လုပ်ထားတာမရှိဘူး CDM သက်သက်ပဲမို့ အရင်ပြည်သူ့အစိုးရလက်ထက်က ချေးပေးထားတဲ့ ချေးငွေ နှစ်လစာကို ပြန်ဆပ်ခိုင်းတယ်၊ အလုပ်ပြန်ဝင်ခိုင်းတယ် လုပ်သက်ကလည်းပြည့်နေပြီ ထုတ်စာကလဲကျထားပြီမို့ မဝင်ချင်တော့ဘူးပြောတော့ ကျွန်တော် Facebook အကောင့်ကအစ အကုန်တောင်းပြီးတော့ သိမ်းထားပြီး ပြန်လွှတ်လိုက်တယ်”ဟု CDM ဝန်ထမ်းတစ်ဦးမှ CJ Platform ကိုပြောသည်။

စစ်ကောင်စီ၏ စောင့်ဆိုင်းဖမ်းမှုကို ကြုံတွေ့ခဲ့ရသည့် CDMဝန်ထမ်းပေါင်း ၃၀၀နီးပါးထိရှိနေပြီး အချို့မှာ ဖုန်းအတွင်း တော်လှန်ရေးအင်အားစုများနှင့် အဆက်သွယ်များ လုပ်ဆောင်ထားသည့် ဖြစ်စဉ်များတွေ့ရှိရခြင်းကြောင့် ဖမ်းဆီးခံရခြင်း၊ အချို့မှာ စစ်ကြောရေးဒဏ်ကို မခံနိုင်သဖြင့် အလုပ်ပြန်လည် ဝင်ရောက်လုပ်ကိုင်ရန် လက်မှတ်ရေးထိုးပေးရခြင်း၊ ငွေကြေးတတ်နိုင်သူအချို့မှာ ပြန်လည်လွတ်မြောက်၍ နိုင်ငံရပ်ခြားသို့ ဆက်လက်ထွက်ခွာနိုင်ရန် ကျပ်သိန်း ၅၀မှ ၁၀၀ခန့်အထိ ပေးဆောင်ရခြင်း လုပ်ဆောင်ခဲ့ရကြောင်း CJ Platformမှစုံစမ်းသိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်ပေးခဲ့သည့် CDMဝန်ထမ်းများအား တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်ခြင်း မပြုလုပ်ရန် ယခုကဲ့သို့ ဖမ်းဆီးခြင်းအား မီဒီယာများကို သတင်းပေးပို့ခြင်း မပြုလုပ်ရန် Facebook အကောင့်မှအစ အခြား ဆိုရှယ်လူမှုကွန်ရက်များအားလုံးအား ၎င်းတို့ကို အပ်နှံပေးအပ်ရန် ခြိမ်းခြောက်ခိုင်းစေခဲ့ကြောင်း သိရသည်။

မှတ်ချက်။ ။ CDMဝန်ထမ်းများ၏ လုံခြုံရေးကြောင့် CJ Platform မှရရှိထားသည့် သတင်းအချက်အလက်အများစုအား ချန်လှပ်ကာ ဖော်ပြထားသည်။