CDM လှုပ်ရှားမှုအား အစပြုခဲ့သော ကျန်းမာရေးဝန်ထမ်းများ ခရီးလမ်းဆုံးထိရောက်ရန်အတွက် ကြံကြံခံပါဝင်နေဆဲဟု CDMMN ဆို

Author လင်းနွေဦး
Categories
Published on Dec 16, 2023

စစ်ကောင်စီမှ အာဏာသိမ်းမှု ပြုလုပ်ခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ မှ စတင်ကာ အစိုးရယန္တရား မလည်ပတ်နိုင်ရေးအတွက် CDM လှုပ်ရှားမှုအား ပထမဆုံးစတင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများတွင် အခက်အခဲများစွာ ရှိနေသော်လည်း ပန်းတိုင်ရောက်ရှိရန်အတွက် ကြံကြံခံပါဝင်နေဆဲ ဖြစ်သည်ဟု CDMMN ၏ တာဝန်ရှိသူမှ CJ Platform သို့ပြောသည်။

 

CDM Medical Network (CDMMN)၏ ခြောက်လတစ်ကြိမ် အချက်အလက်စာရင်းပြုစုမှုအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ကျန်းမာရေးဘက်မှ CDM ပြုလုပ်ထားသော ပြည်သူ့ ဝန်ထမ်းဦးရေ မှာ (၄၅,၁၆၉)ဦး အထိ ရှိနေပြီး ထိုက်သင့်သော ထောက်ပံ့များ ပြုလုပ်ပေးနေကြောင်း CDMN ၏ တာဝန်ရှိသူ ဒေါက်တာစစ်မင်းနိုင်မှ ပြောသည်။

 

“စစ်ကောင်စီက CD​Mတွေကို ရန်သူသဖွယ် တိုက်ခိုက်တာမျိုးတွေ ရှိတာပေါ့လေ။ CDM တွေရဲ့ စားဝတ်နေရေး မရပ်တည်နိုင်အောင် နည်းမျိုးစုံနဲ့ ပိတ်ပင်တာမျိုးတွေ ၊ လုံခြုံရေး ထိပါးနှောင့်ယှက်တာတွေ၊ နောက်ဆုံး ကျန်းမာရေး CDM ဝန်ထမ်းတွေဆိုရင် Covid တတိယလှိုင်းမှာ ရရာနည်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့အခါ လူနာအယောင်ဆောင့်ပီး ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ အထိရှိခဲ့ပါတယ်” ဟု  ဒေါက်တာ စစ်မင်းနိုင်မှ ပြောသည်။

 

CDM ကျန်းမာရေးဝန်ထမ်းများအား စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်လျက်ရှိနေပြီး စစ်ရှောင်များနှင့် ထိန်းသိမ်းနယ်မြေများရှိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဆေးရုံ/ဆေးခန်း များအား ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိနေသည်။