CDM မပြုလုပ်သည့် စစ်သား၊ ရဲနှင့် ၀န်ထမ်းများ အမာခံသတင်းပေးအဖြစ် ဆောင်ရွက်ရန် NUG ဖိတ်ခေါ်

Author လင်းခိုင်
Categories
Published on Dec 20, 2022

 

CDM မပြုလုပ်သည့် စစ်သား၊ ရဲနှင့် ၀န်ထမ်းများ အမာခံသတင်းပေးအဖြစ် ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ စစ်သည်များ၊ ရဲတပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းထဲမှ အချို့သည် ပြည်သူနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် အကျိုးရှိစေနိုင်မည့် သတင်းအချက် အလက်ပေါင်းများစွာ ချိတ်ဆက်ပေးပို့နေသည့် ပြည်သူ့အမာခံသတင်းပေးပို့သူ(ဖရဲသီး) များအဖြစ်ရှိ နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ သတင်းလိုအပ်ချက်ကြီးမားလာသည့်အတွက် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာ၀န်ထမ်းများအနေဖြင့် အမာခံ သတင်းပေးပို့သူများအဖြစ် တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

အမာခံသတင်းပေးပို့မည်ဆိုပါက ကာကွယ်ရေး၀န်ကြီးဌာနသို့ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ကာ အချက်အလက်လုံခြုံမှုရှိစေရန် တာ၀န်ယူအာမခံကြောင်း၊ ထိုကဲ့သို့ သတင်းပေးပို့ပါက ပေးပို့သည် သတင်းအချက်အလက်ပေါ်မူတည်ပြီး ချီးမြှင့်ငွေများလည်းခံစားနိုင်မည်ဟု NUG၊ ကာကွယ်ရေး၀န်ကြီးဌာနက ဆိုသည်။

အမာခံ သတင်းပေးပို့သူများအနေဖြင့် တော်လှန်ရေးကာလအတွင်း၌လည်းကောင်း၊ တော်လှန်ရေးအလွန်ကာလ၌ လည်းကောင်း ကာကွယ်ရေး၀န်ကြီးဌာန၏ ကာကွယ်ပေးမှု အာမခံချက်ကို ပြည့်၀စွာခံစားရမည်ဖြစ်ကြောင်း၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ သတင်းပေးပို့သူများသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်၏ အကျိုးခံစားခွင့်များကိုလည်း ရရှိမည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်ရေးအား စစ်ကောင်စီယန္တရားအတွင်းမှ လုပ်ဆောင်နိုင်မည့်အပြင် ချီးမြှင့်ငွေများလည်း ရရှိခံစားနိုင်မည်ဖြစ်သောကြောင့် အမြန်ဆုံးဆက်သွယ် သတင်းပေးပို့ရန် ကာကွယ်ရေး၀န်ကြီးဌာနက နှိုးဆော်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #CDM #သတင်းပေး