CDM ပညာရေးဝန်ထမ်းများနှင့် ဖမ်းဆီးခံပညာရေးဝန်ထမ်းများအတွက် BEGSCမှ ရန်ပုံငွေရှာဖွေရေးကမ်ပိန်းပြုလုပ်

Author ခူးဆယ်
Categories
Published on Nov 02, 2022

ဖမ်းဆီးခံ ပညာရေးဝန်ထမ်းများနှင့် CDM ပညာရေးဝန်ထမ်းတို့အား ထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတစ်ခုလုပ်ဆောင်နေကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ BEGSC တာဝန်ရှိသူများမှ ပြောသည်။

ရန်ပုံငွေရှာဖွေရေး မဲရောင်းချမှုအစီအစဥ်သည် အချိန်တစ်လကြာမြင့်မှာဖြစ်ပြီး မဲလက်မှတ် တစ်စောင်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အ စောင်ရေ ၁၀၀၀၀ ထိရောင်းချမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲရောင်းချမှုမှရရှိငွေများကို ပြည်သူ့ပညာရေးကျောင်းများအတွက် ၅၀ရာခိုင်နှုန်း
ဖမ်းဆီးခံပညာရေးဝန်ထမ်းများအတွက် ၄၀ရာခိုင်နှုန်းနှင့် CDM ပညာရေးဝန်ထမ်းများ ကျန်းမာရေး အရေးပေါ်အသုံးပြုနိုင်ရန်အတွက် ၁၀ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

“CDM တွေ လစာမရဘဲ ရပ်တည်လာတာ ၂ မိုးကုန်ပါပြီ ကျမတို့ CDM တွေအချင်းချင်းပဲ ဖေးကူနေကြရတယ် အသက်အရွယ်က ပင်စင်နားနီးသူတွေ ကျန်းမာရေးမကောင်းသူတွေ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဝန်ထမ်းမိသားစုတွေ ဆိုရင် အခက်အခဲတွေ အများကြီးရင်ဆိုင်နေရပါတယ်၊ ဒီပရောဂျက်နဲ့တင် အကုန်ပြေလည်သွားမယ့် ကိစ္စမဟုတ်ပေမယ့် အသက်ရှူပေါက်လေးတစ်ခု အင်အားလေးတစ်ခု CDM တွေဘက်မှာ ပြည်သူ့တွေ ရှိနေပါသေးတယ်ဆိုတဲ့ခွန်အား ဒါတွေကိုပေးချင်လို့ ဝေမျှ ချင်လို ဒီပရောဂျက်ကို စီစဉ်ကြတာပါ ပညာရေး CDM တွေကို ပစ်ပယ်မထားကြဘဲ အခါအခွင့်ကြုံသလို နိုင်ဝန်လေးတွေထမ်းရင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အရေးတော်ပုံအောင်သည်အထိ ဆက်လက်ချီတက်သွားမှာပါ”ဟု BEGSCမှ အဖွဲ့ဝင်CDMဆရာမတစ်ဦးမှ CJ Platform သို့ ပြောသည်။

ရန်ပုံငွေရှာဖွေရေး မဲအစီအစဥ်အဖြစ် ပထမဆု iPhone 14 Pro Max၊ ဒုတိယဆု Acer Aspire Laptop၊ တတိယဆု Lenovo Tap M10 တို့ပါဝင်မှာဖြစ်ပြီး ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် CDM ပညာရေးဝန်ထမ်းများအား ထောက်ပံ့နိုင်ရန် ဝိုင်းဝန်းကူညီပေးကြဖို့ကိုလဲ BEGSCမှ တိုက်တွန်းထားသည်။

မဲလက်မှတ်များကို မြို့နယ်အလိုက် ကိုယ်စားလှယ်များနှင့် BEGSC Page Messenger တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းလည်း BEGSC မှ ဆိုသည်။