“CDM ကျောင်းသားလေး မိုးထက် ယနေ့ ကျောင်းမတက်ပါ”
မိုးရွာသည့် အချိန်များ၌ မိုးထက် စာသင်ကျောင်းခန်းကို ပို၍ သတိရမိသည်။ သူ့အတွက် နောက်ဆုံး တစ်ခေါက် စာသင်ခန်းထဲမှာ ရှိခဲ့သည့် အချိန်က ခပ်ဝေးဝေးမှာပင် ကျန်နေခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့ရှိ နာမည်ကြီး ကျောင်းတစ်ခု၌ မိုးထက်ကို သူ၏ မိခင်က ပညာသင်ကြား စေခဲ့သည်။ ငွေကြေး တတ်နိုင်သူများနှင့် ထူးချွန်သူများသာ တက်ရောက်နိုင်သည့် ကျောင်းဟု မိုးထက်တို့ ကျောင်းက နာမည်ကျော်ကြားသည်။
ခိုင်ခံ့လှပသည့် ကျောင်းတော်ကြီးကို မိုးထက် အမြဲ ဂုဏ်ယူစွာ ကြည့်ခဲ့ဖူးသည်။ အိမ်နီးချင်း သူငယ်ချင်းများကိုလည်း ကျောင်းတော်ကြီး၏ ခမ်းနားမှုအကြောင်း ပြောပြလေ့ ရှိသည်။
မြို့နယ် လေးမြို့နယ် ဖြတ်၍ ကျောင်းတက်နေရသည့် မိုးထက်၌ ကျောင်းနေဖက် သူငယ်ချင်းများ အပြင် ငယ်ငယ်က ကစားဖော် ကစားဖက် အိမ်နီးချင်း သူငယ်ချင်းများလည်း ရှိသည်။
သူတို့ကတော့ မိုးထက်နှင့် ကျောင်း မတူပေ။ နီးနီးနားနား မိုးထက်တို့ မြို့နယ်ထဲက ကျောင်း၌ ပင် တက်ရောက်နေသူများ ဖြစ်သည်။
“မင်းတို့ ကျောင်းထက် ငါတို့ ကျောင်းက ပိုကောင်းတယ်” ဆိုသည်က မိုးထက်တို့ သူငယ်ချင်းတစ်သိုက် ကျောင်းပိတ်ရက်တိုင်း ငြင်းလေ့ရှိသည့် အကြောင်း အရာလည်း ဖြစ်သည်။
တောက်ပ စူးရှသည့် မျက်လုံးများကို ပိုင်ဆိုင်ထားပြီး ထက်မြက်သည့် ဟန်ရှိသည့် မိုးထက်က ကျောင်း၌ လူအေး တစ်ယောက်တော့ မဟုတ်။ ထို့အတူ လူဆိုး တစ်ယောက်လည်း မဟုတ်ပေ။
မကြာမကြာ အတန်းပိုင် ဆရာမက သူ၏ မိခင်ထံ ဖုန်းဆက် တိုင်ကြားရသည် များကလွဲ၍ မိုးထက်သည် ပညာ ထူးချွန်သည့်ထဲတွင် ပါဝင်သည့် ကလေး တစ်ဦး ဖြစ်သည်။
ပျော်ပျော် နေတတ်သည့် မိုးထက်က အစ အနောက်လည်း သန်သည်။ စိတ်သဘောကောင်းသူ ဖြစ်သဖြင့် လူချစ်လူခင်လည်း ပေါများသည်။
မိုးထက် တစ်ခုခု လုပ်ပြီဆိုလျင် လိုက်ပါ ပေးကြမည့် သူက တစ်ခန်းလုံး နီးပါးပင် ဖြစ်သည်။ ကျောင်းထဲမှ ခိုးထွက်ပြီး ဘောလုံးကန်၍ အတန်းထဲ ကျောင်းသား မရှိတော့သည့် အဖြစ်မျိုးလည်း ဖြစ်ဖူးသည်။
ကျူရှင် မသွားချင်၍ သူငယ်ချင်းများကို ကျူရှင် ပိတ်သည်ဟု ဖုန်းဆက်ပြောသဖြင့် လူကုန် ကျူရှင် ပျက်သွားသည်မျိုးလည်း ဖြစ်ဖူးသည်။
မိုးထက် မိခင်ကတော့ သူ့သား၏ ချစ်စဖွယ် အမှားများအတွက် စိတ်ဆိုးလေ့ မရှိ။ သို့သော် ဟန်လုပ် ဆူပူရသည့် အခါများလည်း ရှိသည်။
မိုးလင်းမှ မိုးချုပ် ကျောင်းစာထဲ ခေါင်းနှစ်ရန် မလိုဟု မိုးထက်မိခင်က ယူဆထားသူ ဖြစ်သည်။ မိုးထက်ကလည်း မိခင်၏ ယုံကြည်မှုကို ပညာထူးချွန်မှု ဖြင့် အကြိမ်ကြိမ် သက်သေပြခဲ့ပြီးသူ ဖြစ်သည်။
ပညာရေးနှင့် ပတ်သတ်ပြီး မိဘချင်း အပြိုင်အဆိုင်များသည့် ကျောင်း၌ မိုးထက် မိခင်က မည်သည့် အခါမျှ မျက်နှာ မငယ်ခဲ့ရဖူးပေ။
အတန်းပိုင်ဆရာမက သူ့သား အကြောင်းတိုင်ကြားလာသည့် အခါမျိုးတွင်ပင် သားဖြစ်သူ ထက်မြက်ကြောင်းတော့ကို ဆရာမက ဝန်ခံရသည် ချည်းသာ ဖြစ်သည်။
သို့ဖြင့် မိုးထက် ရှစ်တန်း တက်ရမည့် ၂၀၂၀ခုနှစ်၌ ကိုဗစ်များ ဖြစ်လာ၍ ကျောင်းများ ပိတ်ကုန်သည်။ အစ ပထမတွင်တော့ မိုးထက် ပျော်သည်။ သူငယ်ချင်းများလည်း ပျော်ကြသည်။
အိမ်ထဲမှ အိမ်ပြင် မထွက်ရပေမယ့် ဂိမ်း အကြိုက် ဆော့၍ ရသည်။ ဆူမည့်သူ မရှိ။ သူ ကျောင်း မတက်ခြင်း မဟုတ်၊ ကျောင်းက သာ သူ့ကို မတက်စေရန် ပိတ်ထား ခြင်းဟု မိုးထက် တွေးသည်။
မိခင်နှင့် ဖခင်တို့ လူကြီးများကလည်း ကိုဗစ် အကြောင်းသာ စိတ်ဝင်စားနေ၍ သူ့ဘက် မလှည့်အားပေ။ သို့သော် အချိန်များများတော့ မကြာလိုက်။
ရောဂါ ကူးစက်မှု ကျဆင်းလာ၍ ပြန်ဖွင့်ကြသည့် ကျောင်းများထဲ မိုးထက်တို့ ကျောင်းလည်း ပါသည်။ နာမည်ကြီး ကျောင်းဖြစ်၍ New Normal ပုံစံ ပညာသင်ကြားမှုကို ပြသလိုဟန် ရှိသည်။
မိုးထက်တို့ ကျောင်းရှေ့၌ ဓာတ်ပုံရိုက်ရန် လာစောင့်နေသည့် သတင်းထောက်များ ပင် တွေ့ရခဲ့သေးသည်။ မိုးထက်တစ်ယောက် မျက်နှာအကာ၊ Mask ၊ လက်အိပ်များဝတ်၍ စာသင်ခန်းထဲ ပြန်ရောက်ခဲ့ခြင်းပင်။
တစ်လပင် မပြည့်လိုက် ကျောင်းအချို့၌ ကိုဗစ်ကူးစက်သံများ ညံလာသည်။ ဒုတိယလှိုင်း စတင်ခဲ့ပြီ ဖြစ်သည်။ ကိုဗစ်ကြောင့် မည်သူမည်ဝါတော့ သေရပြီ ဆိုခြင်းများကို မိခင်ဖြစ်သူ ပါးစပ်ဖျားမှ မချတော့ချေ။
ယခု အကြိမ်ကတော့ မိုးထက် စိတ်အေးလက်အေး ဂိမ်းဆော့နေ၍ မရတော့ပေ။ Zoom ဖြင့် ဆရာမများက စာသင်သည်။ ဘေး၌ Stay At Home ဖြစ်နေသည့် မိခင်က ထိုင် စောင့်နေသည်။
ကျောင်း၌ ပင် မိုးထက် ခိုးငိုက်၍ ရသေးသည်။ ယခုတော့ မိုးလင်းမှ မိုးချုပ် ကျောင်းစာထဲ ခေါင်း စိုက်ရတော့သည်။ အပြင်ထွက်ခွင့် မရ၍ ဘောလုံးလည်း မကန်နိုင်၊ သူငယ်ချင်းများနှင့်လည်း မတွေ့ရတော့ပေ။
နှစ်လ လောက်တော့ ထိုကဲ့သို့ ဖြစ်သွားသည်။ ထို့နောက်တွင်တော့ အတန်းပိုင်ဆရာမက သူ မဲရုံစောင့်ရမည် ဖြစ်၍ စာ မသင်နိုင်သေးဟု ပြောလာသည်။ မိုးထက် မိဘများလည်း ဘယ်သူ့ကို မဲပေးရမည်လဲ ဆိုခြင်းကို အပြောများလာကြသည်။
မိုးထက် လွတ်လပ်ရေး တစ်ဖန် ပြန်ရပြန်ချေပြီ။ “အဆုံးသတ်တိုက်ပွဲ ၊ အစိတ်သားကို ဒီတစ်ခါ ဖြုတ်ချရမယ် ” စသည့် စကားလုံးများကို မိုးထက် အကြိမ်ကြိမ် နားထောင်ခဲ့ရသည်။
ကိုယ်စားလှယ်လောင်းများ၏ ကောင်းခြင်း၊ ဆိုခြင်းများ အကြောင်း သတင်းများက လူမှုကွန်ယက်ထက် ပလူပျံနေခဲ့သည်။ မိုးထက်လည်း လိုက်ဖတ်ရင်း နိုင်ငံရေး အကြောင်း စိတ်ဝင်စားရ ကောင်းမှန်း သိလာခဲ့သည်။
မိုးထက်၏ ဦးလေးဖြစ်သူက နိုင်ငံရေးရုပ်သံ သတင်းများကို ဖုန်းဖြင့် ခပ်ကျယ်ကျယ် နားထောင်လေ့ ရှိသည်။ မျက်မှောက်ခေတ် နိုင်ငံရေး သတင်းများက မိုးထက် နားထဲ မကြားချင်မှ အဆုံးပင်။
သို့ဖြင့် ရွေးကောက်ပွဲကြီး ပြီးသွားသည်။ ” အမေစု၊ အမေစု” ဆိုပြီး မိုးထက်တို့ မိသားစု အောင်ပွဲခံကြသည့် ရက်ကိုလည်း မှတ်မိနေခဲ့သည်။ အမေစု နိုင်၍ မိုးထက် နောက်တစ်လလောက်တော့ အဆူခံရစရာ အကြောင်း မရှိတော့၍ ဖြစ်သည်။
မိုးထက် ကျောင်းပြန်တက်ရန် ပြင်ဆင်ရပြန်သည်။ ရွေးကောက်ပွဲ ပြီးသည်မှာလည်း နှစ်လပင် ရှိခဲ့ပြီ ဖြစ်သည်။ ကိုဗစ်များကလည်း ငြိမ်လာပြီဟု မိုးထက် ကြားနေရသည်။
သည်နှစ် မိုးရာသီကတော့ မိုးထက် ကျိန်းသေပေါက် စာသင်ခန်းထဲ ပြန်ရောက်ရတော့ မည် ဖြစ်သည်။ ကျောင်းဖွင့်ဖို့ ငါးလ ခြောက်လ လောက်လိုသေးသဖြင့် မိုးထက် အဝ ကဲရန် အားခဲထားသည်။
“အာဏာသိမ်းသွားပြီ၊ အမေစုကို ဖမ်းလိုက်ပြီ” ဟု မိခင်ဖြစ်သူ၏ ဒေါသဖြစ်နေသံ ဖြင့် မိုးထက် ဆောင်း နံနက်ခင်း အစောပိုင်းတစ်ရက်၌ လန့်နိုးလာခဲ့သည်။ ဂိမ်းဆော့ရန် ဖုန်းကို ကောက်ကိုင်လိုက်သော်လည်း လိုင်းက မတက်ပေ။
ထိုနေ့ တစ်ရက်လုံး စိုးထိတ်နေဟန် ရှိသည့် လူကြီးများက တိုးတိုး တိုးတိုး ဖြင့် စကားပြောဆို တိုင်ပင်ခဲ့ကြသည်။ မိုးထက်မိခင်က သူပေးသည့် မဲ ကို စစ်တပ်က မဲ ခိုးသည်ဟု ပြောခြင်းကို စိတ်ဆိုးနေသည်။
မိုးထက် အာဏာသိမ်းသည် ဆိုခြင်းကို သိပ်နားမလည်လှပေ။ ကြုံလည်း မကြုံဖူး၍ မသိ။ မိုးထက်တို့က လွတ်လပ်မှုများဖြင့် ကြီးပြင်လာခဲ့သည့် မျိုးဆက်ဖြစ်သည်။
ထိုနောက်ပိုင်းရက်များ၌ မိုးထက်တစ်ယောက် ကြက်သီး ထစရာ ဆန္ဒပြပွဲများကို ဖေ့စ်ဘွတ်ပေါ်မှာ တောက်လျှောက် ကြည့်ခဲ့ရသည်။ သေနတ်များဖြင့် မပစ်ခတ်မှီ တစ်ရက်က မိုးထက် သူ၏ အစ်မဝမ်းကွဲများနှင့်အတူ ရန်ကုန်မြို့လယ်ပင် ရောက်ခဲ့သေးသည်။
ရုပ်ရှင်ထဲက အတိုင်း စစ်သားနှင့် ရဲများကို ဝတ်စုံပြည့်ဖြင့် မြင်တွေ့ရသည်မှာ ကြည့်ကောင်းသည်ဟုပင် ထင်ခဲ့သည်။ အစ်မဝမ်းကွဲ တစ်ယောက်က ဝတ်စုံပြည့် ရပ်နေသည့် ရဲတစ်ဦးထံ အအေးတစ်ဘူးပင် ပေးလိုက် သေးသည်။
ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဟု အော်ရသည်မှာ အရသာရှိသည်ဟု မိုးထက် ခံစားရသည်။ နောက်ရက်များလည်း လာချင်မိသွားသည်။
သို့သော် မိုးထက် နောက်ထက် ထပ်မရောက် ဖြစ်တော့ပေ။ မိုးထက်မကြားဖူးသည့် သေနတ်သံ၊ ဗုံးသံများကို ကြားလာရသည်။ ဦးခေါင်းပွင့်ထွက်နေသည့် ဓာတ်ပုံများကို ကြည့်ရင်း မိုးထက် အစပိုင်းက ကြောက်နေမိသည်။
ရက်အတန်ကြာတွင်တော့ မိုးထက် သတ္တိရှိလာသည်။ ဒေါသများလည်း ထွက်လာသည်။ မိုးထက် ဆန္ဒပြပွဲ လိုက်ဖူးသည်။ အားလုံးက ယဥ်ကျေး ငြိမ်းချမ်းစွာဖြင့် ချစ်စရာကောင်းသည်ဟု မြင်မိသည်။
သူတို့ကို မည်သည့်အတွက်ကြောင့် စစ်သားများ၊ ရဲများက ပစ်ခတ် သတ်ဖြတ်ကြပါသနည်း။ မိုးထက် စိတ်ဆိုးသည်။ ဒေါသထွက်သည်။ ဝမ်းလည်း ဝမ်းနည်းလာမိသည်။
သို့သော် မိခင်ကြီးက သူ့အား အိမ်ထဲမှ အိမ်ပြင် မထွက်ခိုင်းပေ။ ထို့ကြောင့် အိမ်တွင်း၌ ဖုန်းကြည့်ရင်း မိုးထက် မွန်းကျပ်ပြီး နေခဲ့ရသည်။
ဤသို့ဖြင့် သုံးလခန့်ကြာသွားခဲ့သည်။ ဗုံးသံ၊ သေနတ်သံ၊ စစ်သားများ၏ ဆဲသံ၊ ဆိုသံများ ကြဲပါးလာခဲ့သည်။ စစ်တပ်က ကျောင်းဖွင့်ဖို့ လုပ်နေသည်တဲ့ တစ်ရက်တွင် မိခင်ဖြစ်သူက ပြောလာသည်။
မိုးထက် ကျောင်းပြန်တက်ရတော့မည်လား။ မိခင်ကို အတိုက်အခံ လုပ် ငြင်းပစ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။ သူ ကျောင်းမတက်ချင်။
သူ့မျက်စိရှေ့၌ မဟုတ်ပေမယ့် တိုးတက်သည့် နည်းပညာခေတ် ဖြစ်၍ မျက်စိရှေ့မြင်ရသလို မြင်ခဲ့ရသည်များကို မိုးထက် မမေ့နိုင်ပေ။
သူ၏ အတန်းပိုင်ကဲ့သို့ အဖြူအစိမ်းဝတ် ဆရာမများကို ဆဲဆိုနေသည့် စစ်သားများကို မျက်လုံးထဲက မထွက်သေး။ သူနှင့် မတိမ်းမယိမ်း အရွယ်များ သွေးအိုင်ထဲ လဲကျသေဆုံးနေသည့် မြင်ကွင်းများကိုလည်း ဖျောက်၍ မရပေ။
သို့သော် မိခင်ကြီးက သူ့ကို အွန်လိုင်းကသာ စာသင်ရန် ပြောလာသဖြင့် စိတ်အေးသွားရသည်။ မိခင်ကြီးကလည်း စစ်တပ်ဖွင့်သည့် ကျောင်းထားရန် ခါးခါးသီးသီးဖြစ်၍ ကျေနပ်မိသည်။
မိုးထက် သူငယ်ချင်းများထဲ တစ်ယောက် စ နှစ်ယောက် စ သာ ကျောင်းပြန်တက်ဖို့ ရှိသည်။ သူတို့ကိုတော့ မိုးထက် စကားမပြောဖို့ ဆုံးဖြတ်ထားသည်။
မိုးထက် သည်လို ဆုံးဖြတ်ပြီး မကြာလိုက်။ ကိုဗစ်များ ပြန်ဖြစ်လာပြန်သည်။ သည်တစ်ခါတွင်တော့ မိုးထက် မိခင်လည်း အတော်အတန် ရောဂါခံစားလိုက်ရသည်။
အိိမ်နီးချင်းများ၌လည်း မိသားစုဝင် ဆုံးရှုံးသွားသည်များကို မိုးထက် မြင်တွေ့ခဲ့ရသည်။ ကျောင်းများလည်း ပြန်ပိတ်လိုက်ရပြန်သည်။
မိုးထက် စကားမပြောဟု ဆုံးဖြတ်ထားသည့် ကျောင်းပြန်တက်နေသည့် သူငယ်ချင်းထံပင် ဖုန်းဆက် သတင်းမေးခဲ့သေးသည်။ ကိုဗစ်ဖြစ်နေချိန် သူငယ်ချင်းကို ဂရုစိုက်ရမည်ဟု မိုးထက် ယူဆ၍ ဖြစ်သည်။
တစ်လကျော်လောက်ကြာတော့ အခြေအနေများ ပြန်တည်ငြိမ်လာသည်။ မိုးထက်လည်း မိခင် ပြန်ကျန်းမာလာ၍ စိတ်ချမ်းမြေ့သွားသည်။ ကျောင်းများလည်း ပြန်မဖွင့်တော့၍ စိတ်ဆိုးရမည့် သူငယ်ချင်းလည်း မရှိတော့၍ ဖြစ်သည်။
အွန်လိုင်းကတစ်ဆင့်တော့ မိုးထက် ပညာသင်ကြားမပျက်ခဲ့ပေ။ CDM ဆရာမများက မိုးထက်ကို ဂရုတစ်စိုက်သင်ကြားပေးသည်။ မိုးထက်လည်း CDM ကျောင်းသား ပင်မဟုတ်ပါလော။
ကိုးတန်းကျောင်းသား အရွယ် ဖြစ်သည့် မိုးထက်က စစ်တပ်၏ ပညာရေး စနစ်ကို သပိတ်မှောက်ရသည်ကို ဂုဏ်ယူမိသည်။ စာသင်ခန်းများကို လွမ်းမိပေမယ့် စစ်သားများကို သူမုန်းသည်။
အရွယ်နှင့်မလိုက် မြင်တွေ့ ဖြတ်သန်း ခဲ့ရသည်များက မိုးထက်ကို ရင့်ကျက်လာစေသည်။ ဘဝ ရှေ့ရေးအတွက် မိုးထက် စဥ်းစားမိသည်။
လက်နက်ကိုင် တော်လှန်ရမည့် အရွယ်မဟုတ်သေးသော်လည်း မိုးထက်က ကျောင်းမတက်ပဲ သပိတ်မှောက်ဖို့ကိုတော့ အဆုံးထိ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော် သူ အွန်လိုင်းက သင်နေသည်ကလည်း အမှန်တကယ်တမ်းတော့ ကျောင်းတက်ချိန်ကလို မဟုတ်။
မထိရောက်ဟု သူခံစားမိသည်။ ထို့ကြောင့် မိုးထက် မိခင်ဖြစ်သူကို အသက်မွေးဝမ်းကြောင်း သင်တန်း တစ်ခုခု တက်ချင်သည်ဟု ပြောမိသည်။ မိခင်ဖြစ်သူကတော့ တော်လှန်ရေးကြီး နိုင်တော့မည် ခဏစောင့်ဖို့ ကျောင်းပြန်တက်ဖို့ ပြင်ဖို့ သာ ပြောသည်။
ဗုံးပေါက်၍ စစ်သားများ သေသည့် အကြောင်းများ မိုးထက် ခဏ ခဏ ကြားလာရသည်။ သေနတ်ပစ်ခံရသည်များလည်း မကြာခဏ ဖတ်နေရသည်။
သို့သော် မိုးထက် မျှော်လင့်သည့် ပုံစံဖြင့် ကျောင်းပြန်တက်ရဖို့တော့ မဖြစ်နိုင်သေးဆိုခြင်းကို မိုးထက်ရော သူ၏ မိခင်ပါ သိနှင့်ပြီးဖြစ်သည်။
စစ်တပ်ဖွင့်သည့် ကျောင်းကိုတော့ မိုးထက် တက်မည် မဟုတ်ပေ။ သည်လိုနှင့် မိုးထက် ဂိမ်းတော့လိုက်၊ စာသင်လိုက်၊ ဟိုဟို ဒီဒီသွားလိုက်ဖြင့် အချိန်များ ကုန်ဆုံးသွားသည်။
သည်အချိန်များအတွင်း မိုးထက် ဂစ်တာတီးလည်း သင်ခဲ့သည်။ ဆယ်ကျော်သက် တစ်ယောက် ဖြစ်သည်နှင့်အညီ အချစ်ဦးနှင့်လည်း ဆုံတွေ့ခဲ့ပြီ ဖြစ်သည်။
စာသင်ခန်းများနှင့် ဝေးနေခဲ့သည်က နှစ်နှစ် မကတော့ပေ။ ထိုအချိန်မှာပင် စစ်တပ်က ကျောင်းများ ပြန်ဖွင့်လာသည်။ ကျောင်းတက်သူ အများအပြားပင်။
သို့သော် မိုးထက် လုံးဝ ကျောင်းမတက်ဖို့ ဆုံးဖြတ်ထားသည်။ အတန်းပိုင် ဆရာမက သူ့ထံ ကျောင်းပြန်တက်ဖို့ ဖုန်း တွင်တွင် ဆက်နေသည်။
ပညာထူးချွန်သည့် သူ့အား စာသင်ခန်းထဲ ပြန်လာပါရန် မိုးထက်၏ ဆရာမက အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ မိုးထက် စိတ်က မယိမ်းယိုင်ပေ။
မိုးထက် ကျောင်းတက်ရခြင်းသည် ပညာတတ်ဖို့ ဖြစ်သည်။ စာတတ်ရန်အတွက် မဟုတ်ဟု ယူဆသည်။ ထို့ကြောင့် မိုးထက်က သူသည် စာတတ်ပြီး ဖြစ်၍ ပညာ မပေးနိုင်သည့် ကျောင်းကို တက်မည်မဟုတ်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
မိုးထက်၏ မိခင်ကလည်း မိုးထက်သဘောအတိုင်းပင်။ အွန်လိုင်းမှ သင်ကြားလည်း သင်ယူသူ၏ ခံယူမှု အပေါ် မူတည်သည်ဟုပင် ဆုံးမသေးသည်။
မိခင်ဖြစ်သူကို ကြည့်၍လည်း မိုးထက် ကျေနပ်ဂုဏ်ယူမိသည်။ အဖြူနှင့် အစိမ်းများ မြင်လျင် မိုးထက် ကျောင်းကို သတိရမိသည်။
ယခုလို မိုးရွာချိန်ဆို မိုးထက်တို့ သူငယ်ချင်းတစ်သိုက် စာသင်ခန်းထဲ ဘာလုပ်နေကြမည်နည်းဆိုသည်ကို စိတ်ကူးယဥ်မိသည်။ ထိုစိတ်ကူးက တစ်နေ့တွင် အမှန်တကယ်ပြန်ဖြစ်လာမည်ဟုလည်း ယုံကြည်သည်။
ထိုနေ့သည်က ရန်ကုန်မှာ ဘန်ကာများ မရှိတော့ချိန်၊ သေနတ်ကိုင် လျှောက်သွားနေသူများ မရှိတော့ချိန်၊ သွေးမြေကျခဲ့သူများအတွက် မိုးထက်တို့ အတူတကွ အလေးပြုနိုင်မည့် ရက်တွင် ဖြစ်ပေလိမ့်မည်။
အချိန်မတိုင်ခင်တော့ မိုးထက်လည်း နိုင်သမျှ နိုင်ငံ့တာဝန်ကို ထမ်းရပေမည်။ မိုးထက်သည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်သည့် CDM ကျောင်းသားဖြစ်သည်။
ထို့ကြောင့် အာဏာရှင်စနစ် မပြုတ်မကျ မခြင်း မိုးထက် ယနေ့ ကျောင်းတက်မည် မဟုတ်ပေ။