CDM ကစားသမားတွေကို ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေသလား

Author ဇိမ်း
Categories
Published on Sep 03, 2022

#Opinion

“လက်ရွေးစင်အသင်းမှာ ကစားဖို့ ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင် ဘောလုံးသမားအဖြစ် ဆက်လက်ရပ်တည်ဖို့ ခက်ခဲသွားလိမ့်မယ်”ဆိုတဲ့ ဖိအားပေးမှုမျိုးကို ထိုင်းရောက် မြန်မာကစားသမားတချို့ ကြုံတွေ့နေရတယ်တဲ့။

ဒီသတင်းမှန်သလား၊ မှားသလားဆိုတာ အတည်ပြုဖို့ ခက်ခဲနေသေးပေမဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ လက်ရွေးစင်ကစားဖို့ ငြင်းဆန်ခဲ့တဲ့ ကစားသမားတွေ ရှိနေတာတော့ အမှန်ပါပဲ။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပထမဆုံး ဝင်ပြိုင်တဲ့ပွဲက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ဒီပွဲကို ကစားဖို့ ငြင်းဆန်တဲ့ ကစားသမားတွေရှိတယ်။ မြန်မာအသင်းနဲ့အတူ ဂျပန်ကို လိုက်သွားတဲ့ ဂိုးသမား ပြည့်လျှံအောင်ဆိုရင် နိုင်ငံတော် သီချင်းမဆိုဘူး။ လက်သုံးချောင်းထောင်တယ်။ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့တယ်။ အဲ့ဒီလို ဆန္ဒထုတ်ဖောက်ခဲ့လို့ ပြည့်လျှံအောင်ဟာ ဂျပန်မှာ ကျန်ရစ်ခဲ့ရတယ်။ မြန်မာ့ဘောလုံး သမိုင်းမှာ စစ်အာဏာရှင်ကို ဒီလိုမျိုးလူသိရှင်ကြား ကမ္ဘာသိအောင် ဆန္ဒပြခဲ့တဲ့ ကစားသမားမျိုး မရှိခဲ့ဘူး။

မြန်မာပြည်မှာ စစ်တပ်ဟာ အကြိမ်ကြိမ်အာဏာသိမ်းခဲ့ဖူးတယ်။ အားကစားသမားတွေဟာ နိုင်ငံရေးနဲ့ အဝေးဆုံးမှာ ရှိနေခဲ့တယ်။ နိုင်ငံရေးနဲ့ အားကစား ဘာမှမဆိုင်ဘူးဆိုတဲ့ ဂျင်းတွေအောက်မှာ အားကစားနယ်ပယ်တစ်ခုလုံး ကိုယ်နဲ့မဆိုင်သလို နေခဲ့ကြတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီတစ်ရက်နေ့၊ အာဏာသိမ်းချိန်မှာတော့ အားကစားနယ်ပယ်ကလူတွေ အရင်လို နှုတ်ဆိတ်မနေတော့ဘူး။ ဆန္ဒတွေ ပြခဲ့ကြတယ်။

ဟံသာဝတီလူငယ်အသင်းက ချစ်ဘိုဘိုငြိမ်းဆို ဆန္ဒပြရင်း သေနတ်မှန်လို့ ကျဆုံးသွားတယ်။ မြန်မာ့လက်ရွေးစင်ကစားသမား ကောင်းစည်သူရော သူ့အစ်ကို MMA ဖိုက်တာ ဖိုးသော်ပါ အဖမ်းခံခဲ့ရတယ်။ မြန်မာလိဂ်ရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဝင်းနိုင်စိုးဆို တိမ်းရှောင် နေရတယ်။ အားကစားသမားတချို့က လက်နက်ကိုင်ပြီး တော်လှန်နေကြတယ်။

အခုအချိန်ထိ လက်ရွေးစင်ဆို မကစားဘူး။ မြင်မာလိဂ်ဆို မကစားဘူး။ ငြင်းဆန်နေတဲ့ ကစားသမားတွေလည်း အများကြီးရှိသေးတယ်။ ပရိသတ်အများစုလည်း မြန်မာအသင်းကို အားမပေးဘူး။ ဂျပန်မှာ၊ စင်ကာပူမှာ မြန်မာအသင်းကို ဆန္ဒပြခဲ့ကြတယ်။ လက်ရွေးစင်အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးသလက်ဆိုးလာတယ်။ စံချိန်တင် ဂိုးပြတ်ရှုံးတာတွေရှိတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ် AFF CUP ပြိုင်ပွဲမှာ ရလဒ်ကောင်းလိုချင်နေတဲ့ တာဝန်ရှိသူတချို့က ထိုင်းမှာ ကစားနေတဲ့ နာမည်ကြီးကစားသမားတချို့ကို လက်ရွေးစင်အသင်းမှာ ကစားဖို့ ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေထွက်လာတယ်။ ဟုတ်မဟုတ်ကို အသေအချာအတည်ပြုဖို့ ခက်ခဲနေသေးပေမယ့် နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကတော့ ဟုတ်တယ်လို့ ဆိုနေကြတယ်။

ဒီသတင်းထွက်လာချိန်နဲ့ AFF အုပ်စု မဲခွဲပွဲက ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတယ်။ ထိုင်းကို ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်တစ်ဦးက ကစားသမားတွေနဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

လက်ရှိမြန်မာပြည်ရဲ့ အလားအလာက ထိလွယ်ရှာလွယ်ဖြစ်နေတယ်။ တကယ်လို့များ ဖိအားပေးခံနေရရိုး မှန်နေတယ်ဆိုရင် ဒီအတိုင်း ငြိမ်မနေသင့်ဘူးလို့ မြင်မိတယ်။ ကစားသမားတွေဘက်က ရပ်တည်ပြီး အားလုံးဖေးမကြဖို့ အချိန်ရောက်ပြီလို့ ဆိုရမှာပါ။ ဒီလိုမှ မတုံ့ပြန်ရင် မတရားသူက နောက်ဆုံးမှာ အားလုံးရဲ့ အိမ်တံခါးကို ချိုးဖျက်ပြီး ဝင်လာလိမ့်မယ်ဆိုတာ မမေ့သင့်ဘူးလို့ တင်ပြလိုက်ပါတယ်။

ပုံစာညွှန်း- 2020 AFF Suzuki Cup ပြိုင်ပွဲတွင် စင်ကာပူအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် (ပုံဟောင်း)