မိုးဗြဲကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNDF တို့ ဆောင်ကန်းရွာမှာ တိုက်ပွဲဖြစ်ပွားနေ

Author CJ Platform
Categories
Published on Jul 09, 2025

ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ် မိုးဗြဲမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဆောင်ကန်းရွာမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဆီက သိရပါတယ်။

 

မိုးဗြဲမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အစပ် ဆောင်ကန်းရွာကို အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင် ၉ ရက်အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

“ဖယ်ခုံအရှေ့ခြမ်းက စစ်ကြောင်းက ဆောင်ကန်းဘက် ရောက်လာတာဖြစ်ပါတယ်။ စစ်ကြောင်းက အနည်းဆုံး ၂၀၀ လောက်ရှိနိုင်ပါတယ်။ စစ်ကြောင်း စရောက်တာ ၃၊၄ ရက်လောက်ရှိပြီး ထိတွေ့တိုက်ပွဲတွေလည်း စစ်ကြောင်းရောက်တဲ့အချိန်ထဲက ဖြစ်နေတာပါ၊ အခုထိ တိုက်ပွဲဖြစ်နေတုန်းပါ” လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက CJ Platform ကို ပြောပါတယ်။

 

မိုးဗြဲမြို့ကို အခုလဆန်းပိုင်းမှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် ဇူလိုင် ၃ ရက်မှာ မိုးဗြဲမြို့ပေါ် ရပ်ကွက်အတွင်းက အရပ်သားပြည်သူ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF က ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မိုးဗြဲ-လွိုင်ကော် ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေသလို စစ်ကောင်စီကလည်း မိုးဗြဲကနေတဆင့် စစ်ကြောင်းထိုးမှုတွေ ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူအများအပြား စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – KNDF

 

ပုံစာ – မိုးဗြဲမြို့ပေါ် ရပ်ကွက်အတွင်းက အရပ်သားပြည်သူ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေစဉ်