Brave Heart Army-BHA အဖွဲ့ ပြန်ကြားရေးတာဝန်ခံနှင့် ဆက်သွယ်မေးမြန်းမှု

Author မင်းထက်
Categories
Published on Oct 05, 2023

စစ်ကိုင်းတိုင်း မုံရွာမြို့ကိုအ​ခြေစိုက်ပြီး စစ်ကောင်စီကို လက်နက်ကိုင်တုန့်ပြန်နေတဲ့ အဖွဲ့ငယ်တစ်ခုဖြစ်သော Brave Heart Army-BHA အဖွဲ့တော်လှန်ရေးအပေါ်ခံယူချက်၊ လက်နက်တပ်ဆင်မှု၊ စစ်ကောင်စီကို တော်လှန်‌တိုက်ခိုက်နေမှုအခြေအနေနဲ့ NUG ရဲ့ ထောက်ပံ့ရ၊ မရအခြေအနေတွေနဲ့ပတ်သက်ပြီး CJ Platform သတင်းဌာနက BHA အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံနဲ့ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

CJ – အခုလက်ရှိ ဆရာတို့အဖွဲ့အနေနဲ့ ဘာတွေလိုအပ်နေပါသလဲ။

BHA – လက်နက်ပေါ့ဗျာ။ လက်နက်အစစ် မရှိဘူးဗျ။ အကို မိုင်းထောင်သွားလည်း လက်နက်ကမရှိ။ ရေကြောင်းပစ်တော့ မဟာမိတ်တွေဆီက လက်နက်ငှားတယ်ဗျ။ ကျည်ကတော့ ကိုယ့်ဘာသာ ရှာရတယ်ဗျ။

CJ – လက်နက်ရော၊ ကျည်ရော လိုအပ်နေတာပေါ့နော်။ ဆိုတော့ ဆရာတို့အနေနဲ့ မိုင်းဆွဲတိုက်ခိုက်ရေးလုပ်ဆောင်ရင်း ထိတွေ့တိုက်ပွဲတွေ တွေ့ကြုံကြရလားဗျ။

BHA – ကြုံရပါတယ်ဗျ။ စကစဘက်က ပစ်တာပါဗျ။ ကျွန်တော်တို့မှာ ပြန်ပစ်စရာ လက်နက်မရှိတော့ မိုင်းဆွဲတိုက်ခိုက်ပြီး ပြေးရတယ်ဗျ။ ၄၀ မမတွေရော၊ ၆၀ တွေနဲ့ပါ ထုခံရတာဗျ။ ခွေးကားသုံးစီးသွားရင် ရှေ့ဆုံးစီးကိုဆွဲရင် နောက်ကားက ရပ်ပစ်တာမျိုးတွေ ရှိတယ်ဗျ။

CJ- ဒီလိုဆိုတော့ ဆရာတို့အနေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့အခါမှာ လက်နက်မမျှတာမျိုး ကြုံရမှာပေါ့နော်။

BHA – ဟုတ်တယ်ဗျ။ မိုင်းပဲ အဓိက လုပ်ဆောင်နေရတဲ့ အဖွဲ့လေးပါ။ ဒီလ ၃ ရက်နေ့ကလို အိမ်စီးကားနဲ့ထွက်ရင် ပစ်ဖို့ လက်နက်မရှိတော့ မိုင်းပဲ ဆွဲလိုက်ရတယ်ဗျ။

CJ – လက်နက်မမျှတမှုတွေကြုံရတယ်ဆိုတော့ အဖွဲ့အစည်းအနေနဲ့ကရော ထိတွေ့တိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေအနေနဲ့ ဘာတွေရှိနေခဲ့လဲဗျ။

BHA – အဖွဲ့အစည်းအနေနဲ့ ဆုံးရှုံးမှုမရှိဘူးဗျ။ လက်နက်ကြီးတွေကြောင့် ရဲဘော်တွေ ထိခိုက်မှုလေးတွေတော့ ရှိတယ်ဗျ။ ထိတာ မပြင်းတော့ အသက်ဘေးက လွတ်တာပေါ့ဗျာ။ ကျွန်တော်တို့ ရဲဘော်တွေ စိတ်ပျက်ကြတယ်ဗျ။ လက်နက်မရှိလို့။ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ဆက်တိုက်ရအုံးမယ်ဆိုပြီး အားတင်းပြီး တိုက်နေပါတယ်ဗျ။ ကျွန်တော်တို့အဖွဲ့အစည်းလေးက ဘယ်တော့မှ ပျက်စီးသွားမှာမဟုတ်ဘူး။ ရှိတာနဲ့ စစ်အာဏာရှင်ကို တိုက်မှာ။

BHA – ခုလို လိုအပ်ချက်တွေအတွက် NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ မထောက်ပံ့ဘူးလား။ ထောက်ပံ့ပေမယ့် နည်းနေသေးတာလား။

BHA – NUG ဆီက ထောက်ပံ့တာ မရရှိပါဘူးဗျ။ MOD Certificate ပဲ ရရှိတယ်ဗျ။

CJ – ပြီးတော့ ဆရာတို့ အခုလို လိုအပ်မှုတွေရှိနေရခြင်းက ပြည်သူတွေရဲ့ကူညီမှုလျော့နည်းလာလို့လား။

BHA – မဟုတ်ပါဘူးဗျ။ ပြည်သူတွေဆီက ကူညီမှုအပြည့်အဝရတယ်ဗျ။ ကျွန်တော်တို့ ဆန်လိုချင်ရင် ဆန်၊ ဆီလိုရင်ဆီ။ အဲဒါတော့ အပြည့်အ၀ရတယ်ဗျ။ ကျွန်တော်တို့အဖွဲ့က နာမည်ပျက်လည်းမရှိဘူး။ အမှန်တိုင်းပဲလုပ်ဆောင်နေတာဆိုတော့လေ။ အဲဒါကြောင့် ပြည်သူတွေဆီက အကူညီအပြည့်၀ရတယ်ဗျ။

CJ – လက်နက်ခဲယမ်းဝယ်ယူရေးအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လား။ ကျည်ဖြည့်သွင်း၀ယ်ယူရတာဆိုတော့ အဲဒီအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လားဗျ။ ယခုလက်ရှိမှာ လိုအပ်ချက်က ဘာတွေရှိနေလဲ။

BHA – လက်နက်လိုအပ်ချက်ကိုပဲ အဓိက လိုအပ်နေပါတယ်ဗျ။ လက်နက် ၂ လက် ၃ လက်လောက်ကတော့ ရှိထားသင့်တယ်လို့ ထင်တယ်ဗျ။ ကျွန်တော်တို့ လမ်းပေါ် မိုင်းသွားထောင်ရင်တောင်မှ ခွေးကင်းပုန်းနဲ့တွေ့ရင် နည်းနည်းခံပစ်ပြီး ပြန်ဆုတ်လို့ ရနိုင်သေးတယ်ဗျ။ ခုနကပြောခဲ့သလို ကားသုံးစီးသွားရင် ရှေ့ဆုံးစီးကိုဆွဲရင် နောက်ကားက ရပ်ပစ်တာမျိုးတွေ ရှိတာမလို့ နည်းနည်းပါးပါး ခုခံနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေမှာ လက်နက်လိုအပ်ချက်လေးရှိတယ်ဗျ။

CJ – အဖွဲ့စည်းနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဆောင်ဖို့ရှိနေသေးလဲ။

BHA – အဖွဲ့အစည်းအနေနဲ့က ရှေ့ဆက်ပြီး စကစတွေ ဆက်တော်လှန်သွားမှာပါဗျ။ ပြည်သူတွေထံကတော့ တော်လှန်ရေးပြီးသည်အထိ အားတင်းထားဖို့ စိတ်ဓာတ်မကျဖို့ရာ ပြောချင်ပါတယ်ဗျ။

CJ – ပြည်သူတွေထံကိုရော ဘာသတင်းစကားများ ပြောချင်လဲဗျ။

BHA – ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ အနီးကပ်မနေဖို့ရာရယ်၊ ကျွန်တော်တို့ ထုတ်ပြန်ချက်လေးတွေကို လိုက်နာပေးကြပါလို့လည်း မေတ္တာရပ်ခံချင်ပါတယ်ဗျ။