ငလျင်ကြောင့် ဗလီပေါင်း ၆၀ ကျော်ပြိုကျခဲ့ပြီး ဝတ်ပြုဆုတောင်းနေတဲ့ အစ္စလာမ်ဘာသာဝင် ၅၀၀ ကျော် သေဆုံး၊ ခေတ်အဆက်ဆက် ဗလီတွေကို ပြုပြင်ခွင့် ပိတ်ပင်ခဲ့တဲ့ အာဏာရှင်တွေကြောင့် ထိခိုက်မှုပိုမိုပြင်းထန်ခဲ့ရ

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လမြတ် ဆုတောင်းဝတ်ပြုရာ သောကြာနေ့မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဗလီပေါင်း ၆၀ နီးပါး ပျက်စီးခဲ့ရပြီး ဝတ်ပြုနေသူ အစ္စလာမ်ဘာသာဝင် ၅၀၀ ကျော်ကနေ ၇၀၀ အကြား ရှဟီဒ်(သေဆုံး) ခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်မှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဘာသာရေးအဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရာမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဝတ်ပြုရာ ဗလီတွေလည်း ပြိုကျ ပျက်စီးခဲ့ရပြီး ရာမဇာန်ဥပုသ်လရဲ့ သောကြာနေ့ ဝတ်ပြုနေချိန် ငလျင်ဘေး တွေ့ကြုံခဲ့ရလို့ လူထိခိုက် ရှဟီဒ်(သေဆုံး)မှု ရာချီရှိတယ်လို့ သိရပါတယ်။
“ သောကြာနေ့ ဂျူမုအာနေ့ပေါ့၊ ဥပုသ်လ ဆိုတော့ ပိုများပြီး စုရုန်းကြတယ်၊ ဒီလို စုရုန်းနေချိန်မှာပဲ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးခဲ့တဲ့အောက်ကို ရောက်ရှိခဲ့ကြရတာပါ။ မိသားစုတွေနဲ့ ထပ်တူထပ်မျှပါ “ လို့ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်(SRMMN) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က CJ Platform ကိုပြောပါတယ်။
ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ ဗလီတွေကို ပြုပြင်ခွင့်မပေးပဲ သွပ်တစ်ချပ် သံတစ်ချောင်းရိုက်ဖို့ပင် ခွင့်မပေးခဲ့တာကြောင့် ပြုပြင်မှုအားနည်းနေတာတွေကြောင့်လည်း အခုလို ပိုပြီးပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကိုင်းငလျင်ကြောင့် မန္တလေးက ဗလီ ၁၈ လုံးအပါအဝင် ဗလီပေါင်း ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ကိုင်းရှိ ဗလီ ၅ လုံးမှာလည်း ၄ လုံးမှာ သုံးမရအောင်ပျက်စီးမှုများစွာ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ မန္တလေးက နှစ်ပေါင်း ရာချီရှိတဲ့ ရွှေဘုန်းရှိန်ဗလီရဲ့ ပြိုကျပျက်စီးနေတဲ့ အပျက်အစီးတွေ အောက်မှာ အစ္စလာမ်ဘာသာဝင်တွေရှိနေသေးပြီး အဆောက်အဦရဲ့ အပျက်အစီးတွေကို ယန္တရားတွေမရှိသေးတာကြောင့် ဖယ်ရှားနိုင်ဖို့ ခက်ခဲနေသေးတယ်လို့ စုံစမ်းသိရှိရပါတယ်။
CJ Platform ရဲ့ စုံစမ်းထားရှိမှုတွေအရ မန္တလေးက အမြှောက်တန်းဗလီမှာ ၁၂၀ ဦး၊ စကြာနွယ်ဗလီမှာ ၂၀ ဦး၊ ကျောက်ဗလီမှာ ၈ ဦး၊ စိန်ပန်းဗလီမှာ ၂ ဦး၊ ပန်းသေးဗလီမှာ ၁ ဦး ရှဟီဒ်(သေဆုံး)ခဲ့တယ်လို့ သိရှိရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာပါ။
ဒါ့အပြင် မတ္ထီလာက ဘန်ဂါလီဗလီမှာ ၅ ဦး၊ ပျော်ဘွယ်က မြို့သစ်ဗလီမှာ ၂ ဦး၊ ရမည်းသင်း ဂိုဏ်းကြီးဗလီမှာ ၃၅ ဦး နဲ့ ပျဉ်းမနားမှာ ၅၀ ဦးခန့်လည်း ရှဟီဒ်(သေဆုံး)ခဲ့တယ်လို့သိရပါတယ်။
မန္တလေးက ရှေးဟောင်းဗလီကြီး ရွှေဘုန်းရှိန်ဗလီအပါအဝင် အမြှောက်တန်းဗလီ၊ သူဌေးတန်းဗလီ၊ မင်္ဂလာဗလီ၊ တောင်ဆင်ကျုံးဗလီ၊ စင်္ကြာမြောက်ဗလီ၊ စင်္ကြာတောင်ဗလီ၊ တိုက်တန်းဗလီ၊ မြောက်အိုးဘိုဗလီ၊ ဗုံးအိုရွာဗလီအပါအဝင် ဗလီပေါင်း ၁၈ လုံး ရှဟီးဒ်(ပြိုကျပျက်စီး) ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တံတားဦး၊ ချမ်းမြသာစည်၊ အမရပူရ၊ ရွှေဘို၊ မိတ္ထီလာ၊ စဉ်ကိုင်၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ရေတာရှည်၊ ပလိပ်၊ တောင်ငူ၊ မင်းလှမြို့တွေရှိ ဗလီတွေအပါအဝင် ကျောက်ဆည်က ဗလီ ၄ လုံးလည်း ရှဟီးဒ်(ပြိုကျပျက်စီး)ခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ ဥပုသ်လရဲ့ ၂၇ ရက်မြောက်နေ့ မြင့်မြတ်တဲ့ည ကဒရ် ည မှာ ညလုံးပေါက် ဘုရားရှိခိုးကြပြီး သောကြာနေ့ကို တန်းရောက်တာ ဥပုသ်လရဲ့ နောက်ဆုံးရက်လည်းဖြစ်တယ်၊ ဂျူမုအာနေ့လည်းဖြစ်တော့ အရင်ထက်လူပိုများတာ” လို့ အစ္စလာမ်ဘာသာဝင်တစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။
ငလျင်မလှုပ်ခင် မတ်လ ၂၇ ရက်နေ့ညဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လဖြစ်တဲ့ ရာမဇာန်လရယ် ရိုဇာ ၂၇ လုံးရဲ့ည မွန်မြတ်တဲ့ ညတစ်ညဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင်တွေဟာ တစ်ညလုံးဝတ်ပြုကြပြီး နောက်တစ်နေ့ သောကြာနေ့ဟာလည်း ဂျူမုအာနေ့ဖြစ်တာကြောင့် ဗလီတွေမှာ အစ္စလမ်ဘာသာဝင်တွေ အရင်ထက် ပိုစုရုန်းနေချိန် ငလျင်ဒဏ်ခံခဲ့ရတာပါ။
လက်ရှိမှာ စစ်ကိုင်းငလျင်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်မှုတွေပြုလုပ်နေပြီး ပျက်စီးဆုံးရှုံးမှုကြီးမားလွန်းတာကြောင့် ကူညီကယ်ဆယ်ရေးတွေ မလုံလောက်ပဲ အပျက်အစီးပုံများကြား ပိတ်မိနေသူတွေ ရှိနေသေးတယ် လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အင်အား ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းတဲ့ ငလျင်တစ်ခုဖြစ်ခဲ့ပြီး ငလျင်ကြောင့် သေဆုံးသူဟာ စုစုပေါင်း ၁၀၀၂ ဦး ဒဏ်ရာရရှိသူ ၂၃၇၆ဦးရှိတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ရက်နေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပေမဲ့ မြေပြင်မှာ သေဆုံးသူလူစာရင်း ပိုမိုတိုးလာနေပါတယ်။