BEGSC ၏ ဗဟိုကော်မတီဝင် ဆရာမ ဒေါ်သက်ဆုလှိုင်၊ ဆရာ ဦးနောင်ထက်အောင်တို့ကို အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်သုံးနှစ်စီ ထပ်မံအမိန့်ချမှတ်

Author အဂ္ဂ
Categories
Published on Aug 09, 2023


မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ၏ ဗဟိုကော်မတီဝင်များဖြစ်သည့် ဆရာမ ဒေါ်သက်ဆုလှိုင်၊ ဆရာ ဦးနောင်ထက်အောင်တို့ကို ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် အိုးဘိုထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ်သုံးနှစ် ထပ်မံ အမိန့်ချလိုက်ကြောင်း BEGSC မှ ထုတ်ပြန်ထားသည်။

ဆရာမဒေါ်သက်ဆုလှိုင်၊ ဆရာ ဦးနောင်ထက်အောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးက တရာစွဲဆိုကာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း အိုးဘိုထောင်တွင်း တရားရုံးမှပင် ဆရာမ ဒေါ်သက်ဆုလှိုင်အား ချမ်းအေးသာစံမြို့နယ်တရားရုံးမှ စွဲဆိုထားသော အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ်ငါးနှစ်၊ အောင်မြေသာစံတရားရုံးက စွဲဆိုထားသော ၅၀၅(က) ပုဒ်မအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ထားသဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၁) နှစ်ထိရှိလာပြီဖြစ်ပြီး ဆရာ ဦးနောင်ထက်အောင်ကိုလည်း ချမ်းအေးသာစံတရားရုံးက စွဲဆိုထားသော ၅၂(က) ပုဒ်မအတွက် ထောင်ဒဏ်ငါးနှစ်ချထားသဖြင့် စုစုပေါင်းထောင်ဒဏ် (၈) နှစ်ရှိလာပြီ ဖြစ်သည်ဟု BEGSC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ ဆရာဆရာမတွေ ထပ်တိုးအပြစ်ဒဏ်တွေ တိုက်ပိတ်တာတွေ ဆက်တိုက်ကြားနေရပြီး အခုလို ကျနော်တို့ရဲ့ ဗဟိုကော်မတီဝင်တွေ ထပ်တိုးအပြစ်ဒဏ် ချမှတ်တာအပေါ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ လက်ရှိ တော်လှန်သော ပညာရေးကဏ္ဍ အားကောင်းလာတာနဲ့အမျှ ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်လုပ်နေတာလို့ မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကျနော်တို့ တာဝန်တွေကို ဆက်လက်လုပ်ဆောင်ရမှာပါပဲ” ဟု BEGSC အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်သူ ဦးကျော်ရဲလွင်က အဖွဲ့ဝင်များ ထပ်တိုးအမိန့်ချမှုအပေါ်မှုအပေါ် CJ Platform သို့ မှတ်ချက်ပြုချက်ပြု ပြောကြားသည်။

ဗကသ ကျောင်းသားဟောင်းလည်းဖြစ်ပြီး BEGSC ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဆရာ ဦးနောင်ထက်အောင်သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့တွင် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရပြီး မကြာခင်မှာပင် မြင်းခြံမြို့အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ပြောင်းရွှေ့ပြီးမှ တရားထပ်မံစွဲဆိုခံရသဖြင့် အိုးဘိုထောင်သို့ ပြန်ခေါ်ကာ အမိန့်ချခြင်းသည် အကျဉ်းထောင်၊ တရားရုံးလုပ်ရိုးလုပ်စဉ် မဟုတ်ကြောင်း၊ တမင်သက်သက် အညှိုးတကြီးဖိနှိပ်ခြင်းဖြစ်ကြောင်း၊ မြင်းခြံထောင်မှ ‌အိုး‌ဘိုထောင်ပြန်ရောက်စဉ်ကတည်းက တရားစွဲဆိုခံရသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တိုက်ပိတ်ဒေါက်ခတ်ပြီး ဆေးကုသခွင့်မရခြင်းသည်လည်း စစ်ကောင်စီတပ်၏ ယုတ်မာရက်စက်သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့်အတွက် မိမိတို့ ရဲဘော်အတွက် အထူးစိုးရိမ်မိကြောင်းကို ဗကသကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ရဲဘော်လွန်းညီက CJ Platform သို့‌ပြောသည်။

BEGSC ၏ ယခင်ထုတ်ပြန်ချက်များအရ ဆရာမဒေါ်သက်ဆုလှိုင်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၇၀၊ ၃၃×၃၄ လမ်းကြားရှိ တိုက်ခန်းတစ်ခန်းတွင် အခြားသော BEGSC ဗဟိုကော်မတီဝင်များဖြစ်သူ ဆရာဦးနောင်ထက်အောင်၊ ဆရာဦးနိုင်သီဟကျော်နှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင်ဖြစ်သူ ကိုရန်စိုးပိုင်တို့နှင့် အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်မှုဥပဒေ ၅၂(က)၊ ၅၀၅(က) တို့ဖြင့် တရားစွဲဆိုခြင်းခံရကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် ‌နှစ်မှုပေါင်းအတွက် ထောင်ဒဏ်(၈) နှစ် အမိန့်ချပြီး တစ်နှစ်နီးပါးအကြာတွင်မှ ယခုကဲ့သို့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခြင်းဖြစ်သည်။

ဆရာဦးနောင်ထက်အောင်သည် ဖမ်းဆီးခံရပြီးနောက် စွဲဆိုခံရသော ၅၂(က) ပုဒ်မအတွက် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့တွင် ငါးနှစ်အမိန့်ချခံရပြီး‌နောက် တစ်နှစ်နီးပါးအကြာတွင်မှ ယခုကဲ့သို့ သုံးနှစ်ထပ်မံ အမိန့်ချမှတ်ခြင်း ဖြစ်သည်။

အခြားသော BEGSC ဗဟိုကော်မတီဝင်ဖြစ်သူ ဆရာဦးနိုင်းသီဟကျော်ကိုလည်း ပုဒ်မ ၅၀၅(က) အတွက် သြဂုတ် ၁၁ ရက်က ထောင်ဒဏ် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အတွက် သြဂုတ် ၁၇ ရက်က ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ထားသည်။

BEGSC ဗဟိုကော်မတီဝင်များနှင့် အတူဖမ်းဆီးခံရသော MUSU အဖွဲ့ဝင် အထက်တန်းပြဆရာ ကိုရန်စိုးပိုင်ကိုလည်း ပုဒ်မ ၅၀၅ (က)အတွက် ထောင်ဒဏ် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံစေရန် သြဂုတ် ၁၇ ရက်နေ့က အမိန့်ချမှတ်ခံထားရကြောင်း သိရသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ကျော်လာပြီးသည့်နောက်တွင် ဖမ်းဆီးမိထားသော နိုင်ငံရေးအကျဉ်းသားများအား ထောင်အပြင်ထုတ်၍ ထွက်ပြေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခြင်း၊ အမိန့်ချမှတ်မှတ်ထားပြီးသော နိုင်ငံရေးအကျဉ်းသားများကို ထပ်တိုးပုဒ်မများစွဲ၍ ထောင်ဒဏ်များ ထပ်တိုးချမှတ်ခြင်းများကို ယခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ဓာတ်ပုံ – BEGSC