မြန်မာအပေါ် အာဆီယံအရွေ့ ဘယ်အထိ Save ဖြစ်မလဲ

Author ကိုထားဝယ်
Categories
Published on Apr 26, 2025

အာဆီယံအသိုက်အဝန်းဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လေးနှစ်ကျော်အကြာမှာ ဦးတည်ချက်ပြောင်းလာနေပါတယ်။

 

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကို ကာလရှည်ကြာဖယ်ကျဉ်ထားတာ မြန်မာ့အရေးအတွက် အထောက်အကူမပြုမှန်း ရိပ်စားမိပုံရလာပြီး တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို စဉ်းစားလာကြပါတယ်။

 

ဒါကို ထောက်ခံနေသူတစ်ဦးရှိပါတယ်။ သူကတော့ ဝါရင့် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ဖြစ်ပါတယ်။

 

“အခု မလေးရှား အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ စကစကို ဝန်းဝိုင်းထဲ ပြန်ခေါ်သွင်းချင်ပုံရပါတယ်” လို့ သူ့ရဲ့အမြင်ကို ဖွင့်ဟပါတယ်။

 

အာဆီယံဘုံသဘောတူညီချက်ငါးရပ်က လေးနှစ်ကြာလာတဲ့အထိ အလုပ်မဖြစ်မှန်း လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင် အာဆီယံနိုင်ငံတွေ လက်ခံလာကြပုံရပါတယ်။

 

မြန်မာ့အရေးပေါ်ရှုမြင်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံကို အပိုင်း ၂ ပိုင်း ရှုမြင်ကြည့်နိုင်ပါတယ်။ ဒါက ကုန်းတွင်း အာဆီယံနဲ့ ပင်လယ်အာဆီယံ(Maritime Asean)ဆိုပြီးဖြစ်ပါတယ်။

 

“ကုန်းတွင်းအာဆီယံက မြန်မာအပေါ် အထူးသဖြင့် စစ်ကောင်စီအပေါ် လွှမ်းမိုးထားတဲ့ အင်အားကြီး တရုတ်နဲ့နီးပြီး မြန်မာ ရွေးကောက်ပွဲလုပ်ရင်လည်း ထောက်ခံမှာပဲ” လို့ အထက်ပါ သုတေသီက ပြောပါတယ်။

 

တစ်ဆက်တည်းမှာပဲ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ကတော့ ပင်လယ်ပိုင်းက အာဆီယံအဖွဲ့ဝင်တွေဖြစ်ပြီး အနောက်နဲ့ နီးကပ်တယ်လို့ သူက ပြောပါတယ်။

 

ဒါကြောင့်ပဲ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံဖို့ခက်လိမ့်မယ်လို့ သူက အမြင်ရှိနေပါတယ်။

 

တစ်ခါ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့နဲ့ပတ်သက်ပြီးလို့တော့ အခုလိုပြောပါတယ်။

 

“အခု အင်ဒို သမ္မတသစ် တက်ပြီးတော့ ဒုဝန်ကြီးတစ်ဦး နေပြည်တော်က လွှတ်တော်ဆီလာခဲ့တယ်။ ဒါပေမဲ့ စကစဘက်က ဒါကို သတင်းမထုတ်ပြန်ဘူး။ မလေးက အခု ခြေလှမ်းသစ်စတယ်။ ဖိလစ်ပိုင်ကတော့ နောက်နှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်မယ်။ ဆိုတော့ စင်္ကာပူပဲ ကျန်တယ်” လို့ သူက ပြောပါတယ်။

 

အရင် အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ပြီး စစ်ကောင်စီကို တောက်လျှောက်လူရာမသွင်းဖို့ပြောခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်က အခုတော့ သူ့အမြင်တွေကို ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီကို အာဆီယံအသိုင်းအဝန်းထဲပြန်ထည့်ပြီး သမိုင်းဝင်မြန်မာ့ပြင်းအားမြင့်ငလျင်ကြီးကိုဦးတည်ကာ ပြည်တွင်းပဋိပက္ခကို ငြိမ်းအောင် ငြှိမ်းမယ့်နည်းလမ်းကရော အဆင်ပြေပါ့မလားလို့ မေးခွန်းထုတ်နေသူတွေရှိပါတယ်။

 

အဲဒီထဲ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Rosewood ဟိုတယ်မှာ မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုရဲ့ အဓိကအချက်တွေဖြစ်တဲ့ မြန်မာ့ငလျင်ဘေးပြန်လည်ထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးတို့က ဘယ်လောက်အထိ အလုပ်ဖြစ်မှာလဲဆိုတာဖြစ်ပါတယ်။

 

မစ္စတာ အန်ဝါက သူတစ်ဦးတည်းရဲ့အားကိုယူပြီး မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားတာမျိုးတော့ မဟုတ်တန်ပါဘူး။ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီဆိုတဲ့ ခေါင်းစဉ်ကိုယူပြီး အာဆီယံအဖွဲ့ကို ဆွဲကပ်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာနဲ့နီးတဲ့ အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ချိတ်ရှိတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကိုလည်း ဆွဲထည့်ထားပါတယ်။

 

အဲဒီလိုပဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဧပြီ ၁၈ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံဖို့ကိုလည်း စစ်ခေါင်းဆောင်ကို တင်ကြိုပြောကြား တွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က အသံတစ်ချက်ထွက်ခဲ့တာမျိုးမရှိခဲ့ပါဘူး။

 

NUG နဲ့လည်း ငလျင်ဘေးအကူအညီတွေ ဒုက္ခတွေ့နေသူများဆီ တိုက်ရိုက်ရောက်ရှိစေရေး အဓိကထားဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့ ဒီတွေ့ဆုံမှုတွေဟာ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်မျိုးမရောက်အောင် မလေးရှားဝန်ကြီးချုပ်က လိမ္မာပါးနပ်စွာ လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

 

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုမှတ်တမ်းတွေကို မစ္စတာ အန်ဝါက တရားဝင်ချပြတာမျိုးမလုပ်ခဲ့သလို NUG ယာယီပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အွန်လိုင်းကနေတွေ့ဆုံမှုမှတ်တမ်းကို ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီမှာလည်း ရာထူးကို ထည့်သွင်းဖော်ပြခဲ့တာမျိုးမရှိဘဲ ဦးမန်းဝင်းခိုင်သန်းလို့ပဲ မြန်မာမှုနဲ့လေးစားသမှုပြုကာ ‘မစ္စတာ’အစား ‘ဦး’ တပ်ရေးသားကာ မလေးရှားဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာလူထု စိုးရိမ်နေတဲ့ စစ်ကောင်စီအား အာဆီယံက အသိအမှတ်ပြုတာလားဆိုတဲ့မေးခွန်းကို ကျေနပ်လောက်အောင် ဖြေဆိုနိုင်ခဲ့သလို အာဏာသိမ်းစစ်ကောင်စီရဲ့ NUG နဲ့တွေ့ဆုံမှုအပေါ် ထွက်လာနိုင်တဲ့ကန်အားကိုလည်း မစ္စတာ အန်ဝါက ပါးပါးနပ်နပ်ရှောင်ထွက်နိုင်ခဲ့ပါတယ်။

 

ဒီလိုတွေ့ဆုံမှုတွေကနေပဲဖြစ်ဖြစ် လက်တွေ့မှာ လက်ရှိမြန်မာပြည်တွင်းမှာ အရေးကြီးဆုံးက လူသားချင်းစာနာမှုအကူအညီတွေ အမှန်တကယ်ခံစားနေရသူတွေလက်ထဲ ရောက်ရှိရေးပင်ဖြစ်ပါတယ်။

ဒီအကြောင်း မစ္စတာ အန်ဝါ အီဗရာဟင်ရဲ့ လူမှုကွန်ရက်ကနေလည်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမှုအပြီး အခုလို ထုတ်ဖော်ပြောဆိုထားပါတယ်။

 

“မြန်မာမှာ အရေးတကြီးလိုအပ်နေတဲ့ ယာယီဆေးရုံဖြစ်တည်လာဖို့နဲ့ နိုင်ငံကိုပုံမှန်အခြေအနေပြန်ရောက်အောင် လုပ်ဆောင်ဖို့ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင် ဆွေးနွေးခဲ့တယ်” လို့ မစ္စတာ အန်ဝါက ပြောထားပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ ဒီဆွေးနွေးပွဲနဲ့ ဟာမိုနီဖြစ်မနေပါဘူး။

 

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံပွဲကနေ‌ အလှူငွေ ကျပ် ၁၀၄ ဒသမ ၄၄ ဘီလျံနဲ့ အလှူပစ္စည်းတန်ဖိုး ကျပ် ၁၂ ဒသမ ၄ ဘီလီယံခန့် ရရှိထားတယ်လို့ စစ်ကောင်စီမီဒီယာတွေက တရားဝင်ဖော်ပြထားပြီးဖြစ်ပါတယ်။

 

ဒါ့အပြင် ငလျင်ဘေးအတွက် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ​ကျော်က အမေရိကန်ဒေါ်လာ သန်း ၁၃၀ ​ကျော် ကူညီမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ သြစ​တြေးလျ၊ ဗြိတိန်၊ အ​မေရိကန်ပြည်ထောင်စု စတဲ့​နိုင်ငံတွေကတော့ စစ်​ကောင်စီထံ တိုက်ရိုက်ပေးပို့မှာမဟုတ်ဘဲ သူတို့ယုံကြည်ရတဲ့အဖွဲ့အစည်းတွေကတစ်ဆင့် ထိခိုက်ခံစားနေရသူတွေဆီ အကူအညီပေးသွားမယ်လို့ ပြောထားကြပါတယ်။

 

ဒီလိုအလှူငွေအမြောက်အမြားရရှိထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ငလျင်ကြောင့် သေဆုံးသူတစ်ဦးကို ကျပ် ၁၀ သိန်းပဲ ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သူတို့အစိုးရအဖွဲ့အစည်းအဝေးမှာ ထုတ်ပြောသွားပါတယ်။ နေအိမ်နဲ့ အဆောက်အအုံပျက်စီးမှုတွေနဲ့ပတ်သက်ပြီးတော့ ပျက်စီးမှုအပေါ် မူတည်ထောက်ပံ့ပေးသွားမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

 

“ဒါက တော်တော်အံ့ဩဖို့ကောင်းတယ်ဗျ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဝေဖန်ပြောကြားသည်။

 

ဒါကြောင့် လက်ရှိရရှိထားတဲ့အလှူငွေနဲ့ ထောက်ပံ့ပေးမယ့်ငွေကို တွက်ချက်ကြည့်ခဲ့ရာမှာတော့ အလွန်ကွာဟနေတာကို တွေ့ရပါတယ်။

 

လက်ရှိငလျင်ဘေးကြောင့် သေဆုံးသူဦးရေဟာ ၄၀၀၀ နီးပါးအထိရှိပြီဖြစ်ပြီး စစ်ခေါင်းဆောင်ထောက်ပံ့ပေးမယ့် ကျပ် ၁၀ သိန်းနဲ့ မြှောက်မယ်ဆိုပါက ကျပ် ၄ ဘီလျံခန့်ပဲရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီလုပ်ငန်းရှင်တွေရဲ့ အလှူနဲ့တင် ကျပ်ဘီလျံ ၁၀၀ ကျော်ပိုနေဆဲဖြစ်သလို နိုင်ငံတကာအကူအညီဖြစ်တဲ့ ကန်ဒေါ်လာသန်းပေါင်းများစွာ စစ်ကောင်စီမှာ ရှိနေဦးမှာဖြစ်ပါတယ်။

 

ဒါကြောင့် ကျန်ငွေတွေကို စစ်ကောင်စီအနေနဲ့ အရေးနိမ့်နေတဲ့ စစ်ရေးမှာ အသုံးပြုမှာကို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူများအကြား စိုးရိမ်စိတ်ဝင်နေကြတာဖြစ်ပါတယ်။

 

ဒါကို ယုံကြည်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရှိနေပါတယ်။

 

“ဒါက သေချာသလောက်ရှိပါတယ်” လို့ ငလျင်ဘေးက ဒေါ်လာတွေ စစ်သုံးစရိတ်ထဲ ရောက်လာနိုင်တဲ့အကြောင်းကို မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

တဖန် နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံသပ်နေသူတစ်ဦးကလည်း “စစ်ခေါင်းဆောင်က ငလျင်အကူအညီတွေကို ဒီဘေးအတွက် အပြည့်အဝအသုံးချသွားမှာ မဟုတ်ပါဘူး။ စစ်တိုက်ဖို့က ငွေလိုတယ်လေ။ အဓိကက နိုင်ငံခြားငွေပေါ့။ စစ်ကောင်စီမှာ အဲဒါမရှိတော့ဘူးလေ” လို့ မှတ်ချက်ပေးပါတယ်။

 

ဒီလိုစိုးရိမ်ချက်နဲ့ မှတ်ချက်တွေရှိနေချိန်မှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့တွေ့ဆုံမှုပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီအပေါ် ပြည်သူတွေဘက်ကလည်း မလေးရှားဝန်ကြီးချုပ်ရဲ့ နိုင်ငံတကာ ငလျင်ဘေးအကူအညီတွေ အလေအလွင့်မရှိရေးလုပ်ဆောင်လာမှုအပေါ် အပြုသဘောဆောင် ပြောဆိုမှုတွေရှိနေပါတယ်။

 

“တရားဝင်မှု၊ မဝင်မှုတွေ ဘေးချိတ်ထားလိုက်မယ်ဆိုရင် ဒီတွေ့ဆုံမှုကြောင့် ငလျင်ဘေးအကူအညီတွေ တကယ်ဒုက္ခရောက်နေသူတွေဆီ တကယ်ရောက်လာမယ်ဆိုရင် ကျမတို့ ပြည်သူတွေအတွက် အမြတ်ထွက်တာပေါ့နော်” လို့ ငလျင်ဘေးဆိုးရွားစွာရင်ဆိုင်နေရတဲ့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် နိုင်ငံတကာကူညီထောက်ပံ့မှုအနေနဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၀ ရက်နေ့အထိ ၂၄ ရက်အတွင်း နိုင်ငံပေါင်း ၂၅ ခုက လေယာဉ် ၁၄၅ ခေါက်ရောက်ရှိထားပြီး တရုတ်နိုင်ငံက ကုန်းလမ်းကနေ ကား ၂၃ စီး၊ ရေလမ်းကနေ အိန္ဒိယနိုင်ငံက သင်္ဘော ငါးစင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘောတစ်စင်းတို့ရောက်ရှိထားတယ်လို့ စစ်ကောင်စီပြေရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေကတစ်ဆင့် ပြောပါတယ်။

 

တဖန် နိုင်ငံတကာ ထောက်ပံ့ပစ္စည်းအနေနဲ့ ၂၅၁၄ ဒသမ ၆ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန် မြန်မာနိုင်ငံဆီ ရောက်ရှိထားပြီးဖြစ်တယ်လို့ သူက ပြောထားပါတယ်။

 

ဒီအထောက်အပံ့တွေ ဘယ်တွေ ရောက်နေပါသလဲ။ လတ်တလောတော့ မြေပြင်ကို ရောက်ရှိလာပြီဖြစ်ပြီး ငလျင်ဒဏ်ခံစားခဲ့ရသူတွေဆီ အနည်းငယ်ရရှိကြတယ်လို့ မန္တလေးမြို့ခံ ငလျင်ဘေးသင့်ပြည်သူတွေဆီက သိရပါတယ်။

 

“ကျနော်တော့ ရဖူးတယ်။ စားဖူးတယ်ရှိအောင်လို့ ဟိုတစ်နေ့က သွားယူခဲ့သေးတယ်။ အကုန်လုံးတော့ ရချင်မှ ရလိမ့်မယ်။ တွေ့ခဲ့တာတော့ ထောက်ပံ့ပစ္စည်းတွေက သိပ်အများကြီးလည်း မတွေ့မိဘူး” လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ နိုင်ငံတကာရဲ့အကူအညီတွေ ပြည်သူတွေဆီရောက်ရှိလိမ့်မယ်လို့ ယုံကြည်နေသူ တစ်ဦးလည်းရှိပါတယ်။

 

“နေပြည်တော်အပါအဝင် တကယ့်နေရာတွေမှာ အထိအခိုက်များခဲ့တာမို့ အကူအညီတွေ ရောက်သလောက် ရောက်ပါမယ်” လို့ သူက ပြောပါတယ်။ သူကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ စစ်ကောင်စီနဲ့လည်း နီးစပ်သူတစ်ဦးဖြစ်ပါတယ်။

 

ဒါပေမဲ့ သူ့အနေနဲ့လည်း ဖြန့်ဝေပေးမယ့် စစ်ကောင်စီလက်အောက်ခံတွေအပေါ် ယုံကြည်ချက်အပြည့်ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။

 

“တစ်ဦးချင်း၊ စစ်ကောင်စီအရာရှိတွေရဲ့ ခြစားမှု၊ လာဘ်စားမှုတွေတော့ ရှိနိုင်ပါတယ်” လို့ သူက မှတ်ချက်ပေးပါတယ်။

 

စစ်ကောင်စီလက်ထက် မြန်မာ့ စုစုပေါင်းကုန်ထုတ်စွမ်းအား(GDP) အမေရိကန်ဒေါ်လာ ၇၀ ဘီလျံလောက်ပဲရှိချိန်မှာ အင်အားပြင်းငလျင်ကြီးကြောင့် စီးပွားရေးပျက်စီးမှုဟာ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကနေ ဘီလျံ ၁၀၀ အထိရှိနိုင်တယ်လို့ စီးပွားရေးသုတေသီတွေဆီက သိရပါတယ်။

 

လတ်တလော မြန်မာ့ငလျင်ဘေးအတွက် တစ်လနီးပါးရှိလာချိန်အထိ အရေးပေါ်ကယ်ဆယ်ရေးအဆင့်သာရှိနေသေးပြီး တိုက်အောက်က အသက်မဲ့ခန္ဓာတွေကို ဖော်ထုတ်နေရဆဲဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီခန့် မန္တလေးဝန်ကြီးချုပ် မျိုးအောင်ကိုယ်တိုင်က မနေ့ ဧပြီလ ၂၃ ရက်က ငလျင်ဘေးဒဏ်ကယ်ဆယ်ရေးလုပ်ဆောင်နေမှုတွေကို လိုက်လံကြည့်ရှုချိန် ကယ်ဆယ်ရေးတွေအရှိန်အဟုန်မြင့်လုပ်ဆောင်ဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးက စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တုန်းက ကြုံတွေ့ခဲ့ရဖူးတဲ့ သဘာဝဘေးဆိုးကြီး နာဂစ်မုန်တိုင်းနဲ့ ဆွဲကပ်ပြောဆိုပါတယ်။

 

“အခုက အရေးပေါ်ကယ်ဆယ်ရေးကာလအပိုင်းအခြားထဲမှာပဲ ရှိပါသေးတယ်။ ပြန်လည်ထူထောင်ရေးကို စစ်ကောင်စီအနေနဲ့ မလုပ်ဆောင်နိုင်လောက်ပါဘူး။ နာဂစ်တုန်းက စီးပွားရေး ပျက်စီးမှုက ကန်ဒေါ်လာ ၄ ဘီလျံပဲရှိပါတယ်။ တူညီမှုမရှိပါဘူး။ နောက်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရေဘေးကြောင့်အတော်လေးထိခိုက်ထားတယ်။ ကွာခြားမှုတွေ အများကြီးရှိပါတယ်” လို့ သူက မှတ်ချက်ပေးပြောကြားပါတယ်။

 

သူကပဲ ဆက်လက်ပြီး “လက်ရှိ နိုင်ငံတကာ ကူညီရေးစနစ်ကလည်း ထရမ့်ကြောင့် ပျက်နေပြီ။ ကုလအနေနဲ့လည်း များများမပေးနိုင်တော့ဘူး။ အခု စစ်ကောင်စီကရထားတာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၉၀ လောက်ရှိနိုင်တယ်။ နောက် (ကန်ဒေါ်လာ သန်း)၁၀၀ လောက် ရပြီးရင် ရပ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။

 

ဒီလို အကူအညီရရှိမှုနည်းပါးမှုအပါအဝင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လုပ်ရည်ကိုင်ရည်၊ မကျွမ်းကျင်မှု၊ စေတနာနည်းပါးမှု၊ အောက်ခြေရှိ လာဘ်စားမှုတို့ကြောင့် ငလျင်ဒဏ်ခံရသူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ရင်လေးစရာပါပဲ။

 

စစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က စစ်ကိုင်းနဲ့ မန္တလေးဒေသရှိ ငလျင်ဘေးသင့် လူထုနဲ့တွေ့ဆုံချိန် “ကောင်းစေချင်တဲ့စိတ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်တယ်” လို့ ပြောပါတယ်။

 

လက်ရှိ မြန်မာ့အရေးကို ဦးဆောင်မောင်းနှင်နေတဲ့ အာဏာသိမ်းခေါင်းဆောင်က ကောင်းစေချင်တဲ့စိတ်နဲ့ လုပ်ဆောင်ပေးမှုဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(IMF)ရဲ့ ထုတ်ပြန်ချက်အရ လေးနှစ်အတွင်း အာဆီယံဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ ဘွဲ့တံဆိပ်ကိုသာ ဆောင်းခွင့်ရရှိသွားပါတယ်။

 

အခု အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါ အီဗရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ရဲ့ လူသားချင်းစာနာမှုအကူအညီတွေပြည်သူတွေဆီရောက်ရှိရေး ကြိုးပမ်းချက်ကရော အရာယွင်းနိုင်ပါ့မလား။ စစ်ခေါင်းဆောင်ကတော့ သူ့ပုံစံအတိုင်း တွေ့ဆုံချိန် ‘ခေါင်းညှိမ့်” ခဲ့ပြီး နောက်ကွယ်မှာ လုပ်ချင်ရာလုပ်နေပါဦးမှာပါလား။ အခု နိုင်ငံတကာရဲ့ ငလျင်ဘေးကူငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကရော အများထင်နေသလို ပြည်သူသတ်လက်နက်အဝယ်စာရင်းထဲ ရောက်သွားစေမှာပါလား။

 

နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ စစ်ကောင်စီနဲ့လည်း နီးစပ်မှုရှိတဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်ကတော့ အခုလိုပြောပါတယ်။

 

“စစ်သုံးစရိတ်ထဲ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ Exchange Rate သဘောအရ နိုင်ငံခြားငွေ ရလာတော့ ဓာတ်ဆီ စသဖြင့် နိုင်ငံခြားငွေ ထုတ်ရောင်းပေးဖို့ အသက်ရှူချောင်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

 

အာဏာသိမ်းဂယက်ကြောင့် ကြေမွနေတဲ့တိုင်းပြည်နဲ့ နင်းပြားပြည်သူတွေကတော့ သဘာဝဘေးဂယက်ရဲ့ ထပ်မံဖိထောင်းမှုကြောင့် အနက်မတိုင်းနိုင်သေးတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးထဲ ကျရောက်လုနီးနီးအခြေအနေနဲ့ ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။

 

ထိုသို့ဆိုသော် အဆောက်အအုံတွေအောက် ရောက်သွားရသူတွေလို ရှင်သန်နေသူတွေရဲ့ဘဝဟာလည်း ရှင်လျက်နဲ့ ပိတ်မိနေကြဖွယ်ပါပဲ။ ဘယ်၍ ဘယ်မျှ၊ ဘယ်ကာလထိပါလဲ။ စစ်ကောင်စီအလုံးစုံပြုတ်ကျချိန်မှပါလား။ နွေဦးတော်လှန်ရေးကြီး အောင်ပွဲရချိန်မှပါလား။