ALP ပါတီဝင်တစ်ဦးကို ရက္ခိုင့်တပ်တော်ဖမ်းဆီး

Author ခေတ်နီ
Categories
Published on Nov 10, 2022

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးကို အိန္ဒိယ -မြန်မာနယ်စပ် ကျေးရွာတစ်ရွာတွင် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ALPပါတီ ဘက်မှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ ဗဟိုကော်မတီဝင် ခိုင်မြသာကို အိန္ဒိယနိုင်ငံ မီဇိုရမ်-မြန်မာနယ်စပ် ရွာသစ်ကျေးရွာတွင် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်နိုဝင်ဘာလ ၇ ရက်နေ့ ၎င်း၏ မင်္ဂလာပွဲကျင်းပနေစဥ်မှာပဲ ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ရက္ခိုင့်တော်အနေဖြင့် ယခုလိုဖမ်းဆီးနေမှုဟာ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများကြား ညီညွှတ်ရေးကို ပျက်ပြားစေသည်သာမက အိန္ဒိယနိုင်ငံနေ ရခိုင်လူမျိုးများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်လူ့အဖွဲ့အစည်းကြား ချစ်ခင်စည်းလုံးမှုကိုပါ ပျက်ပြားစေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“သူ့ကို မင်္ဂလာပွဲမှာ လူ ၄ယောက်က ဖမ်းသွားတယ်လို့ရွာကလူတွေက သတင်းလာပြောတယ် ဘယ်လိုရည်ရွယ်ချက်နဲ့ ဖမ်းတယ်ဆိုတာတော့ မသိဘူး ဒီလိုဖမ်းတာတွေက ရခိုင်ပြည်အတွက် အလုပ်လုပ်နေတဲ့ အဖွဲ့တွေကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေတယ်ပေါ့၊ အခုလို ခိုင်မြသာကိုဖမ်းဆီးတာက အောက်လက်ငယ်သားတွေရဲ့ လုပ်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါကြောင့် တာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့ ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်”ဟု ALPပါတီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူဒေါ်စောမြရာဇာလင်းမှ CJ Platform ကိုပြောသည်။

ရခိုင်တပ်တော်အနေဖြင့် ပြီးခဲ့သည့်သြဂုတ်လတုန်းကလည်း ALP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ခိုင်ပေါ်လင်းနှင့် ၎င်း၏မိသားစုဝင် အဋ္ဌမတန်း ကျောင်းသား မောင်စိုးမင်းနိုင်တို့ကိုလည်း ၎င်းတို့နေအိမ်မှ ဖမ်းဆီးသွားမှုများရှိခဲ့သလို ALP ပါတီနှင့် ဆက်စပ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်အတွင်းမှာ သံဃာတော် ၄ ပါးအား ဖမ်းဆီးမှုများရှိခဲ့သည်။

ယခုလို ရက္ခိုင့်တပ်တော်၏ ဖမ်းဆီးခံရသည့် ALPပါတီဝင်များနှင့် ဆက်စပ်သူများသည် ယနေ့အထိ ၁၇ ဦးအထိရှိနေပြီး ပြန်လွှတ်ပေးခြင်းမျိုးမရှိသေးဘူးလို့လဲ ALPပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား တက်ရောက်ခဲ့မှုများကြောင့် ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကို ခံထားရသည့် ပါတီတစ်ခုလည်း ဖြစ်သည်။

ယခုလို ဖမ်းဆီးမှုများနှင့် ပက်သက်ပြီး ရက္ခိုင့်တပ်တော်ဘက်မှ တစ်စုံတစ်ခု သတင်းထုတ်ပြန်လာခြင်းမတော့ မရှိသေးပါဘူး။
ဓာတ်ပုံ- ALP
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

Related News

Depend on news