ပြည်သူ့စစ်ခေါင်းဆောင်က AA ကို ဆန္ဒပြဖို့ စာတင်၊ စစ်ကောင်စီက ခွင့်ပြုချက် မပေးရဲ

Author CJ Platform
Categories
Published on Jul 16, 2025

ရခိုင်ပြည် သံတွဲမြို့ကနေ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဟာ ရန်ကုန်မြို့မှာ အာရက္ခတပ်တော် AA ကို ဆန္ဒပြဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စာတင်တောင်းဆိုခဲ့ပေမဲ့ ထွေအုပ်က ခွင့်ပြုချက် မပေးရဲလို့ ပွဲပျက်သွားခဲ့တယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ (ဆူးလေ) ပန်းခြံမှာ အာရက္ခတပ်တော် (AA) ကို ဇူလိုင်လ ၆ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြဖို့ ရန်ကုန်ကို ရောက်ရှိနေတဲ့ သံတွဲပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကစပြီး သုံးကြိမ်တိုင်တိုင် ခွင့်ပြုချက်တင်ပြခဲ့ပေမဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုချက်မပေးတာကြောင့် ဆန္ဒပြပွဲ အထမမြောက်ခဲ့တယ်လို့ သိရပါတယ်။

 

ဆန္ဒပြရတဲ့အကြောင်းအရင်းမှာ AA ကို မလိုလားတာကြောင့် ရခိုင်ပြည်က မောင်းထုတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုခြင်းဖြစ်တယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“အဓိကတော့ AA ကို ရခိုင်ပြည်ကနေ တိုက်ထုတ်ပေးဖို့ စစ်ကောင်စီကို အကူအညီတောင်းတဲ့ပုံစံ ဆန္ဒပြချင်တာ။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကိုဗစ်ကာလမလိုဆိုပြီး ခွင့်ပြုချက်မပေးလို့ ဒီကနေ့ထိ ဆန္ဒပြခွင့်မရဘူး။ အခြား ဆန္ဒပြပွဲတွေကိုလည်း ခွင့်ပြုထားတာမျိုး မရှိသေးဘူး” လို့ သူက ပြောပါတယ်။

 

အလားတူ တာမွေမြို့နယ်မှာလည်း ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ သိရပါတယ်။

 

ဆန္ဒပြဖို့ ဦးဆောင်သူမှာ သံတွဲမြို့နယ်၊ လင်းသာကျေးရွာမှာ နေထိုင်တဲ့ ဦးထွန်းဇော်လတ် ဖြစ်ပြီး သူဟာ သံတွဲမြို့ သိမ်းတိုက်ပွဲကာလအတွင်း ရန်ကုန်မြို့ကို ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ရာ၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ သံတွဲပြည်သူ့စစ်တပ်ဖွဲ့က ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရခိုင်စစ်ဘေးရှောင် အရေးလှုပ်ရှားသူနဲ့ အကူအညီပေးသူတွေဟာ ULA/AA နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အတွက် သူတို့ကိုလည်း ဖော်ထုတ်ဖမ်းဆီးဖို့ လိုအပ်တယ်လို့ ဆန္ဒပြခွင့် တောင်းဆိုတင်ပြထားတဲ့ စာထဲမှာ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

 

လက်ရှိမှာ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့နယ်တွေထဲက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စစ်ကောင်စီက သူတို့ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ တိုင်းဒေသကြီးတွေမှာ ပြောင်းလဲတာဝန်ထမ်းဆောင်စေပြီး အများစုကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ စစ်ဘေးရှောင်အနေနဲ့ လာရောက်ကာ စစ်ကောင်စီနဲ့ ဆက်လက် လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။

 

ဓာတ်ပုံ – AA