ABSDF ထံသို့ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲသားတစ်ဦး အလင်းဝင်

Author အဂ္ဂ
Categories
Published on Dec 14, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ အမှတ်(၃) စစ်ကြောင်း၊ အမှတ် (၁၂) တပ်ရင်း၊ ယောဒသစခန်းထံသို့ ဂန့်ဂေါမြို့မရဲစခန်းမမှ ရဲတပ်သားတစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၄ ရက်)နံနက်တွင် အလင်းဝင်ရောက်လာကြောင်း ABSDF အမှတ်(၃) စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ရဲတပ်သား သုခသည် ၇ ဒသမ ၆၂ မီလီမီတာ ကျည်အတောင့် (၅၀)နှင့်အတူ ယနေ့ နံနက် (၈) နာရီခန့်တွင် ABSDF ထံ ဆက်သွယ်၍ အလင်းဝင်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လုံခြုံရာသို့ပို့ဆောင်ကာ လိုအပ်သည်များကို စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ (၂) ရက်နေ့ကလည်း ABSDF အမှတ် (၃) စစ်ကြောင်း၊ အမှတ် (၁၄) တပ်ရင်း (ချင်းတွင်းဒေသ)ထံသို့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ပျူစောထီးတစ်ဦးသည် Type- 81 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ၇ ဒသမ ၆၂ မီလီမီတာကျည် ၈၆ တောင့်၊ ၅ ဒသမ ၅၆ မီလီမီတာကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် စကားပြောစက် ၁ လုံး တို့ကို ယူဆောင်၍ ထိုနေ့ည (၁၀) နာရီခန့်တွင် လက်နက်နှင့်တကွ အလင်းဝင်ခဲ့သည်ဟု ABSDF အမှတ် (၃) စစ်ကြောင်းက ဒီဇင်ဘာ (၄) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင်ပင် “ကျောင်းသားတပ်မတော် အနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်း ပြူစောထီးကျေးရွာတွင် မနေထိုင်လို၍  မိမိတို့နှင့်ချိတ်ဆက်ပြီး အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ထွက်ပြေးလာသည့် ပြည်သူ ၉ ဦးကိုလည်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှင့် ပူးပေါင်းဆာင်ရွက်ကာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးလည်းဖြစ်သည်” ဟု ဆက်လက်ဖော်ပြထားသည်။

 

ဓာတ်ပုံ- ABSDF