AA အဝိုင်းခံထားရ၍ တောင်ကုတ်က ဝန်ထမ်းများ လျှို့ဝှက်လမ်းမှထွက်ပြေး

Author လင်းနွေဦး
Categories
Published on Feb 24, 2024

ရက္ခိုင့်တပ်တော်(AA)စစ်ရေးစိုးမိုးနေသော ရခိုင်ပြည် တောင်ကုတ်မြို့က စစ်ကောင်စီ လက်အောက်ခံ လမ်းတံတားအထူးဌာနရှိ အရာရှိနှင့် ဝန်ထမ်းများအားလုံးနီးပါး ပဲခူးတိုင်း၊ ပြည်မြို့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်၍ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ယင်းဌာနတွင်းနှင့် မြေပြင်သတင်းရင်းမြစ်များထံမှ CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

မိုင် ၈၀ ကျော် အကွာအဝေးရှိသည့် တောင်ကုတ်-ပြည် ခရီးကို လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်ဟု CJ Platform သတင်းရင်းမြစ်များက ဆိုသည်။

 

ရက္ခိုင့်တပ်တော်(AA)တပ်များက တောင်ကုတ်မြို့ကို ဝန်းရံပိတ်ဆို့ထားသဖြင့် စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများမှ တပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တောင်ကုတ်မြို့တွင်း ပိတ်မိနေကြောင်း ၎င်းတို့က ဆိုသည်။

 

“သူတို့ဌာနက လမ်းတံတားအထူးပေါ့။ မြို့နယ်တို့၊ ခရိုင်အဆင့်တို့တော့မဟုတ်ဘူး။ (ဖေဖော်ဝါရီ) ၂၀ ရက်နေ့လောက်က စပြောင်းတာ။ ဌာနချင်းတောင် မသိကြဘူး။ ဝန်ထမ်းကော၊ ပစ္စည်းတွေကော အကုန် လျှို့ဝှက်ရွေ့တာ” ဟု အသက် ၃၅ နှစ်အရွယ်ရှိ မြေပြင်သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ ပြောသည်။

 

ယင်းဌာနမှ အရာရှိကြီးများအပါအဝင် ဝန်ထမ်း စုစုပေါင်း ၂၅ ဦးခန့်ပြောင်းရွှေ့ခဲ့ပြီး အရာရှိများက ဦးစွာ ပြောင်းရွေ့ပြီးနောက်မှ ဝန်ထမ်းများက လိုက်ပါပြောင်းရွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ မပြောင်းရွှေ့လိုသည့် ဝန်ထမ်းအချို့ ကျန်ရစ်ခဲ့သည်ဟု ခိုင်မာသည့်သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ ထပ်မံပြောကြားသည်။

 

တောင်ကုတ်မြို့အတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများဖြစ်သော စကခ (၅)တပ်မဌာနချုပ်၊ BE မိုင်းရှင်းလင်းရေးတပ်၊ ခမရ (၃၄၆) တပ်စခန်း၊ ဆက်သွယ်ရေး တပ်စခန်း၊ တပ်ရိပ်သာနှင့် တောင်ကုတ်မြို့မရဲစခန်းတို့အပါအဝင် စစ်ကောင်စီ သတင်းများ ထုတ်လွှင့်ပေးရာ ရုပ်မြင်သံကြားလိုင်းတစ်ခုဖြစ်သည့် MRTV ဌာနခွဲတို့ရှိသည်။

 

ထို့ပြင် တောင်ကုတ်မြို့နှင့် အနောက်မြောက်ဘက် ၃၅ မိုင်အကွာရှိ မအီမြို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာခဲ့၍ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တောင်ကုတ်မြို့တဝိုက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

 

ရခိုင်နှင့် ချင်းပြည်နယ်အစပ်ရှိ အမ်းမြို့မှ လမ်းတံတားအထူးဌာန အမှတ် ၁၆ ဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ လဆန်းရက်များမှစတင်ကာ ပဒန်းမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု CJ Platform ၏ ဌာနတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

“လမ်း(တံတား)အထူး ၁၆ အဖွဲ့လည်း အမ်းကနေ ပဒန်းကို ရွှေ့တာ လဆန်းထဲက။ သူတို့ ရွှေ့တာတော့ အထက်ကသိမှာပေါ့။ စက်တွေ၊ ကားတွေ မဆုံးရှုံးချင်လို့နေမယ်။ ဥသျှစ်ပြင်သာမှာ အရင်ထဲက ဆောက်လုပ်ရေးစခန်းလည်းရှိတယ်လေ။ ခု ပြောင်းကြတဲ့ တောင်ကုတ်အဖွဲ့ကတော့ ပြည်ကိုရုံးပြောင်းတာပေါ့” ဟု ယင်းမြေပြင်သတင်းရင်းမြစ်က ဆိုသည်။

 

လတ်တလော ရက္ခိုင့်တပ်တော်မှ ရခိုင်ပြည်အနှံ့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ခြောက်ရက်မြောက် ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ရမ်းဗြဲမြို့ အနီးတဝိုက်တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် စစ်ကောင်စီက ရမ်းဗြဲမြို့အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများအပြင် ရေတပ်မှလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ဆိုသကဲ့သို့ ပစ်ခတ်လျက်ရှိကြောင်း CJ Platform ၏ မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

Related News

Depend on news