AAမှ ဖမ်းဆီးထားသည့် စစ်ကောင်စီသုံ့ပန်းများထားရှိရာနေရာကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲ၊ဒဏ်ရာပြင်းထန်သူ များအား လာခေါ်ရန် ကမ်းလှမ်းသော်လည်း ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ လျစ်လျူရှု

Author လင်းခိုင်
Categories
Published on Sep 29, 2022

AAမှ ဖမ်းဆီးထားသည့် စစ်ကောင်စီသုံ့ပန်းများထားရှိထားသည့် အကျဥ်းထောင်နှစ်ခုကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စက်တင်ဘာ ၂၈ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်သည် စက်တင်ဘာ ၂၃ရက် ည၁၁နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဥ် ၃စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မောင်တောမြို့နယ်ရှိ လက်ပံတောင်ကြောပေါ်မှ အကျဥ်းထောင် နှစ်ခုအားထိမှန်ကာ ယင်းအကျဥ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် အခြားအကျဥ်းသားအချို့ သေဆုံး ၊ဒဏ်ရာရခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သုံ့ပန်းများကို ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲတချို့ကြောင့် အချို့အသက်သေဆုံးခဲ့ပြီး အချို့မှာ ဂျက်တိုက်လေယာဥ်ဗုံးထိမှန်မှုမှရရှိသော ဒဏ်ရာကြောင့် အသက်ရှင်ရန် မျှော်လင့်ချက်နည်းနေသည်ဟု AAကထုတ်ပြန်ထားသည်။

စစ်ကောင်စီ သုံ့ပန်းများအသက်ရှင်ရေးအတွက် စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များထံ ပြင်းထန်လူနာများ အမြန်ဆုံးလာယူရန် အကြောင်းကြားခဲ့သော်လည်း ရဲဘော်ရဲဘက်စိတ်ဓာတ်ကင်းမဲ့စွာဖြင့် လျစ်လျူရှုထားကြောင်း AAက ဆိုသည်။

အပြင်းအထန်ဒဏ်ရာရရှိသူများသည် ၅ ရက်ကြာသည်အထိ စစ်ကောင်စီက ၎င်းတို့ရဲဘော်များကို အသက်ကယ်တင်ရန် ဆက်သွယ်လာခြင်းမရှိသည့်အတွက် ထပ်မံ၍တစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီအနေဖြင့် အသက်အန္တရာယ်ရင်ဆိုင်နေရသည့် ၎င်းတို့ရဲဘော်များကို ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်သည် စစ်ကောင်စီ၏သဘောထားမှန်ဖြစ်ပြီး မိမိရဲဘော်အပေါ်တာဝန်ယူမှုမရှိ ခြင်းဖြစ်သည့်အတွက် တာဝန်ခံ၊ တာဝန်ယူမှုမရှိသည့် စစ်ကောင်စီတွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ်မရှိသော သူများအနေဖြင့် မိမိတို့နှင့်အနီးဆုံးနေရာသို့ အမြန်ဆက်သွယ်ရန် AAကထုတ်ပြန်ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီသုံ့ပန်းအရေအတွက်ကို AAထုတ်ပြန်ချက်တွင် အတိအကျဖော်ပြထားခြင်းတော့မရှိပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ထံသို့ လက်နက်သို့မဟုတ် လက်နက်မပါဘဲဝင်ရောက်လာသူများနှင့် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ပြေးသည် လက်ရှိအချိန်ထိ ၁၅၀ကျော်ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားကာ အချို့ကိုသွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။

Related News

Depend on news