AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒုစစ်ဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ BROUK ရိုဟင်ဂျာအဖွဲ့ တောင်းဆို

Author CJ Platform
Categories
Published on Sep 04, 2025

ရခိုင်ပြည်ထဲက ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုမှာ အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့က အမိန့်ပေးစေခိုင်းခဲ့တာကြောင့်ဆိုတဲ့ စွပ်စွဲမှုနဲ့ သူတို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနားတရားရုံးကို တောင်းဆိုလိုက်ပါတယ်။

 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒေါက်တာညိုထွန်းအောင်နဲ့ အခြားတာဝန်ရှိသူတွေဟာ ဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို BROUK အဖွဲ့က လျှောက်ထားခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်တာ၊ စားနပ်ရိက္ခာ ဖြတ်တောက်ထားတာတွေကို AA တပ်တော်က ကျူးလွန်ခဲ့တယ်လို့ BROUK က စွပ်စွဲထားပါတယ်။

 

AA ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးကို တောင်းဆိုခဲ့မှုနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကလည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာကို ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီး ဒီအစီရင်ခံစာထဲမှာ AA တပ်တော်က ဘူးသီးတောင်မြို့၊ ထန်းရှောက်ခံရွာမှာရှိတဲ့ ရိုဟင်ဂျာ ရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အချက်အလက်တွေလည်း ပါဝင်နေပါတယ်။ ထန်းရှောက်ခံရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ကလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ထန်းရှောက်ခံရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA တပ်တော်က ငြင်းဆိုထားသလို ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတဲ့ နေရာကိုလည်း ဒေသတွင်း သတင်းမီဒီယာတွေကို ခေါ်ယူကာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပါသေးတယ်။ AA တပ်တော်ရဲ့ ပြောဆိုချက်အရ ထန်းရှောက်ခံရွာအနီး သေဆုံးသူတွေဟာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

AA ခေါင်းဆောင်တွေနဲ့ အခြားတာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုထားတဲ့ BROUK အဖွဲ့ခေါင်းဆောင် ဦးထွန်းခင်ကလည်း မြန်မာနိုင်ငံထဲက ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်တစ်စုကျော်ကြာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေ ကြုံတွေ့နေရကြောင်းနဲ့ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ပုံစံအတိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ AA တပ်ဖွဲ့ကလည်း ကျူးလွန်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံးက အခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။ အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်တဲ့ စာရင်းထဲမှာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီအချိန်က နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဦးထင်ကျော်တို့လည်း ပါဝင်နေတာကြောင့် ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သလို တရားစွဲဆိုခဲ့တဲ့ BROUK အဖွဲ့ကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – The Diplomat