မြစ်ကြီးနားတွင် သယ်ယူစရိတ်မြင့်တက်လာ၍ ကုန်ပစ္စည်းဈေးနှုန်းများ လိုက်ပါမြင့်တက်

Author နွေရိပ်
Categories
Published on Jan 30, 2024

ရထားဖြင့် အဓိကကုန်စည်သယ်ယူပို့ဆောင်ခဲ့သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရထားပြေးဆွဲမှုများရပ်တန့်လိုက်ခြင်းကြောင့် သယ်ယူပို့ဆောင်ခများ မြင့်တက်လာကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

 

ထိုသို့ ရထားပြေးဆွဲမှုရပ်တန့်လိုက်၍ ကုန်တင်ယာဉ်အမျိုးမျိုးဖြင့် ကုန်စည်ပို့ဆောင်ရာတွင် ဈေးနှုန်းများစွာကွာဟသည့်အတွက် ကုန်ပစ္စည်းဈေးနှုန်းများ လိုက်ပါမြင့်တက်လာခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

 

ရထားဖြင့် သယ်ယူမည်ဆိုပါက ဆန်တစ်အိတ်လျှင် ၇၀ဝ ကျပ်သာကျသင့်ခဲ့ရာမှ ကားအမျိုးအစားအလိုက် ဆန်တစ်အိတ် သယ်ယူစရိတ်သည် ကျပ် ၇၀ဝ၀ မှ ၁၀,ဝ၀ဝ အထိရှိကြောင်း ကုန်သည်များက ဆိုသည်။

“ဆန်ကတော့ သံလမ်းရိုးတစ်လျှောက်မှာရှိတဲ့ ကောလင်း၊ ဝန်းသို၊ အင်းတော်နဲ့ ရွှေဘိုဘက်ကနေ မှာပြီးရောင်းတာ။ အရင်ကတော့ ရထားနဲ့ သယ်တာ။ ရထားနဲ့က စရိတ်သက်သာတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် ရထားတွေမထွက်တော့ ကားနဲ့ပဲသယ်ရတာ။ ကားနဲ့ကကျ စရိတ်များတယ်။ အခုဆို ကောလင်းဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ကြားရတော့ ဆန်ဈေးတွေ ထပ်တက်ဦးမယ်ထင်တယ်” ဟု မြစ်ကြီးနားမြို့ပေါ်ရှိ ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောသည်။

 

ကချင်ပြည် မြို့တော်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ရွှေဘိုပေါ်ဆန်း ၂၄ ပြည် တစ်အိတ်လျှင် ၅၅,၀ဝ၀ ကျပ်သာရှိခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၇၀,ဝ၀ဝ ကျပ်သို့မြင့်တက်လာကြောင်း ယင်းမြို့ဆန်ဈေးကွက်အတွင်းမှ သိရသည်။

 

“ဟင်းသီးဟင်းရွက်ဝယ်ရတာလည်း ရွှေဝယ်ရသလိုပဲ။ ကုန်စိမ်းတွေအကုန် ဈေးတက်ကုန်တယ်။ ဟိုးတလော(ပြီးခဲ့သည့်နှစ်နှောင်းပိုင်း)ကဆို ငရုတ်သီးစိမ်း တစ်ပိဿာကို (ကျပ်)သုံးသောင်းထိပေးဝယ်ရတယ်။ အခုတော့ ဈေးနည်းနည်းပြန်ကျပေမဲ့ ကားလမ်းတွေပြန်ပိတ်မယ်လို့ သတင်းတွေပြန်ထွက်နေတော့ ဘယ်အချိန်ဈေးပြန်တက်မလဲ စိတ်ပူနေရတယ်” ဟု မြစ်ကြီးနားဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

 

အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်အတွင်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၁၂၀ဝ ကျပ်ခန့်သာရှိခဲ့ရာမှ ယခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၆၀ဝ၀ ကျပ်ဈေးရှိကြောင်း၊ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းအတွင်း၌ တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ကားလမ်း ပိတ်ဆို့မှုများရှိခဲ့သည့်အတွက် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ အထိ ဈေးတက်ခဲ့သည်ဟု ဒေသခံ အိမ်ရှင်မများထံမှ သိရသည်။

 

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင် အာဏာသိမ်းပြီးချိန်မှစတင်၍ မီးရထားပြေးဆွဲမှုများ ရပ်တန့်ခဲ့ခြင်းဖြစ်ပြီး အဓိက ကုန်သွယ်ဖက် စစ်ကိုင်းတိုင်းအတွင်းမှ ကားဖြင့် ကုန်သွယ်ခဲ့ရာတွင် တိုက်ပွဲများကြောင့် မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက် ကားလမ်းပိတ်ဆို့မှုများရှိလာပြီးနောက် ကုန်ဈေးနှုန်း မတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

 

ရပ်နားထားသည့် ရထားပြေးဆွဲမှုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် မြစ်ကြီးနား-မိုးကောင်းလမ်းအထိ ပြန်လည်ပြေးဆွဲပေးခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲဝန်ထမ်းများကိုသာ စီးနင်းခွင့်ပြုထားကြောင်း မြစ်ကြီးနားမြို့မှ မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။